ဆီဆိုင် ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ပင်မှည့်သီးနှံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့ ညနေ ၅ နာရီက ဘန့်ဗွီးကျေးရွာအုပ်စု၊ ကျောင်းချယ်ကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် အဖွဲ့ဝင် ဦးခွန်အောင်ကျော်မြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး ရွှေအောင်မြေပင်မှည့်သီးနှံ စိုက်ပျိုးရေးအသင်းတွင် စိုက်ပျိုးရေးလုပ်ကိုင်ရာစာရိတ္တနှင့် လုပ်ငန်းစွမ်းဆောင်မှု၊ စီမံခန့်ခွဲမှုနှင့် အသီးအကောင်းဆုံးစိုက်ပျိုးသည့်တောင်သူများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်ပေးအပ်ခဲ့သည်။
ဆီဆိုင်မြို့နယ်အတွင်း ပင်မှည့်သီးနှံစိုက်ပျိုးလုပ်ကိုင်သည့် တောင်သူ ၈၄ ဦးခန့်ရှိပြီး၊ ပျိုးပင်ခြံတွင် ၆ လပြုစုရ၍ ၆ လကြာတွင် မြေချစိုက်ပျိုးရကြောင်းနှင့် စိုက်ပျိုးသည့် အချိန်တွင်အပင်အားဆေး၊ ရွက်ဖြန်းမြေဩဇာများသုံးပေးရကြောင်း၊ စိုက်ပျိုးပြီး ၁ နှစ်ခွဲတွင်အသီးသီးကြောင်း၊ အသီးအား ၅ လကြာခူးဆွတ်နိုင်ကြောင်း ရွှေအောင်မြေ(တောင်ကြီး)ကုမ္ပဏီ လီမီတက်တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးမြတ်(ဆီဆိုင်)