နမ္မတူ ဇွန် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေစေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်းအပူချိန်လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကိုတန်ဖိုးထား ချစ်မြတ်နိုးပြီး သစ်ပင်စိုက်ပျိုးလိုစိတ်များ ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ဒုတိယအကြိမ် မိုးရာသီအကြိုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက်(၇)နာရီခွဲအချိန်က မြို့နယ်ဂေါက်ကလပ်ဝင်းအတွင်း၌ ကျင်းပသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် နမ္မတူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းက အမှာစကားပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်ပိုင်ဇော်မိုးက သစ်ပင်များရှင်သန်အောင် စနစ်တကျစိုက်ပျိုးနည်းစနစ်များအား သရုပ်ပြရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကအခမ်းအနားသို့ တက်ရောက်လာကြသူများကို စိုက်ပျိုးမည့်ပျိုးပင်များပေးအပ်၍ ကျွန်းပင် ၂၅၀ ပင်၊ ရေသင်းဝင် ၄၀၀ပင်၊ ယမနေ ၁၅၀ ပင်၊ မယ်ဇလီ ၁၀၀ပင်၊ ယူကလစ် ၁၀၀ ပင် ပျိုးပင်စုစုပေါင်း ၁၀၀၀ပင်အား စနစ်တကျ စုပေါင်းစိုက်ပျိုးကြသည်။
အဆိုပါ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်တို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းထွန်းနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများစုစုပေါင်းအင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
လူမော်(ပြန်/ဆက်)