မိတ္ထီလာ ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည်ပြုလုပ်နည်း သင်တန်းကို ခံတောကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် အခမဲ့ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့် အလှမ်းများရရှိရန်နှင့် ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းများကို ကျေးရွာအရောက် ကွင်းဆင်း၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။ ယင်းသို့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ကျေးလက်နေပြည်သူများ ကိုယ်ပိုင်လုပ်ငန်းများထူထောင်နိုင်ရန်နှင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းများဖြင့် မိသားစုဝင်ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပြီး အလုပ် အကိုင်အခွင့်အလမ်းများ ရရှိစေရန်အတွက် အသက်မွေးဝမ်း ကျောင်းအထောက်အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းသင်တန်းကို အခမဲ့ဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။
အဆိုပါအသက်မွေးဝမ်းကျောင်းအထောက်အကူပြုသင်တန်းကို ဝမ်းတွင်းမြို့နယ် ခံတောကျေးရွာမှ သင်တန်းသားသင်တန်းသူ (၁၅)ဦး တက်ရောက်လျက်ရှိပြီး ၎င်းသင်တန်းကို ၁၀ ရက်ကြာ ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)