ကျိုင်းလပ်မြို့၌ စာပေချစ်မြတ်နိုးသူများအဖွဲ့မှ "မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ"စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျိုင်းလပ် ဇွန် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့တွင် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းနှင့် စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Youth Club အသင်းတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန၌စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်မေဇင်ဦးက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးတို့အား ရှင်းလင်းပြောကြားကာ Youth Club အသင်း မဖြူနှင်းက စာဖတ်ဝိုင်းဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့် တစ်ဦးစာပေမှရရှိသည့် သုတ၊ရသများပြန်လည်မျှဝေခြင်းဖြင့် စာပေရဲ့အနှစ်သာရကိုရရှိကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် မောင်မင်းစိုးရေးသားသည့် "မအောင်မြင်ခြင်းရဲ့ဇာစ်မြစ်များ"စာအုပ်ကို Youth Club အသင်း ဒေါ်နာခူမှစာဖတ်ခြင်း၏ အကျိုးကျေးဇူးဖြင့် ယဉ်ကျေးလိမ္မာသူများဖြစ်လာစေရေးဆွေးနွေးကာ စာပေဝါသနာရှင် မအီမွေးမှ ဘ၀ရဲ့အောင်မြင်ရေးလမ်းကြောင်းပေါ်ကို တဖြည့်ဖြည့်ဆိုသလို တက်ကြရမှာဖြစ်ပြီး စိတ်ဓါတ်များကျ‌နေခြင်းဟာ အထက်တက်နိုင်ဖို့အတွက် အဆီးအတားတစ်ခုဖြစ်‌ကြောင်းစသည်တို့ကို အသီးသီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မေဇင်ဦး(ပြန်/ဆက်)