မြစ်ကြီးနား ဇွန် ၁၂
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ မူးယစ်ကင်းစင်သင်တန်းကျောင်းများ စုပေါင်းမိတ်သဟာယအဖွဲ့၏ စတုတ္ထအကြိမ်မြောက် သင်တန်းကျောင်း များရှိ သင်တန်းသားများအတွက် ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် ပူးပေါင်းကျင်းပသည့် အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။
ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဘုန်းတော်ကြီးဆွတ်အောင်က ဆုတောင်းဆက်ကပ်ပေးပြီး အားကစားကော်မတီဥက္ကဋ္ဌ ဦးတန်ရော်က ကြိုဆိုနှုတ်ခွန်း ဆက်စကားနှင့် ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ရည်ရွယ်ချက်တူ၊ ပန်းတိုင်တူ ကျောင်းများ အချင်းချင်း စည်းလုံး ညီညွတ်မှုရရှိစေပြီး မိမိတို့ပတ်ဝန်းကျင် လူမှုအသိုင်းအဝိုင်း အတွက် တန်ဖိုးရှိသော လူငယ်/ လူရွယ်များအဖြစ် ပြန်လည်ရပ်တည်လာနိုင်စေရေး၊ မူးယစ်ကျေးကျွန်ဘဝမှ လွတ်မြောက်ပြီး ကျန်းမာ သန်စွမ်းသော လူငယ်များ ဖြစ်လာစေရေး၊ လူငယ်များ အားကစားပြုလုပ်ခြင်းအားဖြင့် မူးယစ် ဆေးဝါးကို တွန်းလှန်တိုက်ဖျက်လာနိုင်စေရေးနှင့် အားကစားကို မြှင့်တင်ပေး ခြင်းဖြင့် ပြည်နယ်အတွက် တန်ဖိုးရှိသော စွမ်းရည်ထက်မြက်သော လူငယ်/လူရွယ်များအဖြစ် ရပ်တည်လာနိုင်ရေး အလေးထား ပံ့ပိုးပေးခြင်းဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် စုပေါင်းမိတ်သဟာယအဖွဲ့မှ တာဝန်ရှိသူများက ပြိုင်ပွဲဝင် သင်တန်းကျောင်း (၁၀)ခုမှ ဘောလုံး အသင်း (၁၀)အသင်းတို့အား လိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံကျော်အဆိုတော် အန်းနော်၏ သီဆိုဖျော်ဖြေမှုနှင့် သရုပ်ပြအဖွဲ့များ၏ သရုပ်ပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲအတွက် ထောက်ပံ့ငွေကျပ် (၁၀)သိန်းကို ထောက်ပံ့ပေးအပ်ကာ အားကစားကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံမှ ဂုဏ်ပြုမှတ်တမ်းလွှာများကို လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ (၁၀.၆.၂၀၂၃) ရက်နေ့မှ (၂၆.၆.၂၀၂၃) ရက်နေ့အထိ ယှဉ်ပြိုင်ကစားသွားကြမည့် အမျိုးသားဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် Ram Hkye F.C အသင်းနှင့် Part N’nan (R.R.C)F.C အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုကို အားပေးကြည့်ရှုခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ မင်းရပ်ရပ်ကွက်အတွင်း ဇော်ဂျွန်းလမ်း၊ လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတွင် ခင်းကျင်းရောင်းချ လျက်ရှိသည့် ကုန်စုံဆိုင်များနှင့် သစ်သီးဆိုင်ခန်းများ စနစ်တကျ၊ သန့်ရှင်းစွာရောင်းချနိုင်ရေး၊ လမ်းဘေးရှိ သစ်ပင်ကြီးများ လျှပ်စစ်မီးအန္တရာယ်နှင့် သစ်ကိုင်းကျိုးကျမှု မဖြစ်ပေါ်စေရန်အတွက် ခုတ်ထွင်ရှင်းလင်းနိုင်ရေးမှာကြားသည်။
ထို့နောက် သီတာရပ်ကွက်နှင့် စီတာပူရပ်ကွက်အကြား အင်ဂျန်းခချောင်းကူးတံတားတွင် ချောင်းအတွင်း လူနေအိမ်များ ကျူးကျော်ချဲ့ထွင် ဆောက်လုပ်မှု မရှိစေရေး၊ မြို့တွင်းမှရေများ ဧရာဝတီမြစ်အတွင်းသို့ အဓိကစီးဝင်ရာ ချောင်းဝတစ်ခုဖြစ်သည့်အတွက် သန့်ရှင်းမှုရှိစေရေးနှင့် သီတာ ရပ်ကွက်အတွင်း လမ်းဘေးဝဲ/ယာ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးနှင့် ဈေးဆိုင်ခန်းများ သန့်ရှင်းသပ်ရပ်စွာ စည်းကမ်းတကျရောင်းချနိုင်ရေး၊ အမှိုက်နှင့် စွန့်ပစ်ပစ္စည်းများ ရေနှုတ် မြောင်းများအတွင်း စွန့်ပစ်မှုမရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပြည်နယ် (ပြန်/ဆက်)