မိုင်းယု ဇွန် ၁၂
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် တောင်သူများဝေးလံသည့် တောတောင်များမှ ရှားပါးစွာ ရှာဖွေရရှိသည့် ရှမ်းအခေါ် ဟစ်လျှဲန်း (ခ) မှိုနီအခြောက်များ အဖူးခြောက်ဖြစ်လျင် ဒေသပေါက်ဈေး မြန်မာငွေကျပ် ၂၄၀၀၀၀ကျော် ( တရုတ်ငွေ ယွမ် ၆၀၀) ထိရရှိ၍ ရှာဖွေရောင်းချသူတို့ အဆင်ပြေလျက်ရှိသည်။
အဆိုပါ မှိုနီများသည် မှိုပွင့်အရိုးတံနှင့်အပွင့်အောက်ပိုင်းတွင် အဖြူရောင်ရှိကာ အပေါ်ပိုင်းမှာ အနီရောင်ရှိပြီး မှိုနီသည် ဝေးလံသည့် တောများအတွင်း သဘာဝ အလျှောက်ပေါက်ရောက် နေကြကြောင်း၊ ယင်းမှိုသည် နှစ်စဉ်မေလမှ နိုဝင်ဘာလကုန်ပိုင်းအထိ ပေါက်တတ်ပြီး ရရှိလာသော မှိုနီအစိုများကို အခြောက်ခံရန်အတွက်မီးဖိုအတွင်းရှိ ကျပ်ခိုးစင်များပေါ် တွင် တင်ကာမှိုင်းခံပေးရကြောင်း၊ မှိုအခြောက်ခံရန် အတွက် သီးသန့်ပြုလုပ်ထားသောမီးဖိုမှာ အလျား ၆ပေ၊ အနံ၃ပေ၊ အမြင့်၅ပေခန့်ရှိသည့် ကြပ်ခိုးစင်တွင် ထည့်ကာ ထင်းမီးကို အသုံးပြု၍ ရက်အနည်းငယ်ကြာ မှိုင်းခံပေးပြီး ရောင်းတန်းဝင်မှိုနီအခြောက်များ အဖြစ်ရရှိ ပါကြောင်း၊ ရှာဖွေရရှိလာသော မှိုနီများကို ဒေသခံများမှ ချက်ပြုတ်စားသောက်ခြင်းနှင့် ရောင်းတန်းဝင် မှိုနီခြောက်အဖူး တစ်ကီလိုကျပ် ၂၄၀၀၀၀ (တရုတ်ယွမ် ၆၀၀ ယွမ်)ဖြစ်ပြီး မှိုနီအပွင့်အခြောက် ကျပ် ၆၀၀၀၀ ကျော်(တရုတ်ယွမ် ၁၅၀ယွမ်)တို့ရရှိကြပြီး မှိုနီခြောက် အဆိုးအကောင်းပေါ်မူတည်၍ ထပ်မံဈေးကွဲပြားစွာ ရောင်းချရပါကြောင်း မှိုနီခြောက် ရောင်း/ဝယ်သူများကပြောသည်။
မိုင်းယုဒေသတွင် မှိုလုပ်ငန်းကို ရာသီပေါ်ချိန်၌ တစ်ပိုင်တစ်နိုင်သာ သွားရောက်ရှာဖွေကာ မိမိတို့ခြံဝိုင်းများအတွင်း မှိုင်းခံမီးဖိုများတည်ဆောက်၍ မိသားစုတစ်ပိုင်တစ်နိုင်လုပ်ကိုင် ကြသော စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး သဘာဝအလျှောက်ပေါက်ရောက်နေသော ယင်း မှိုနီများကို တောတောင်များ၌ရှာဖွေ၍ မှိုအခြောက်ခံလုပ်ငန်းများထံသို့ တစ်ဆင့်ပြန်လည် ရောင်းချခြင်းဖြစ်ပြီး ဒေသခံတောင်သူတို့ တစ်ဖက်တစ်လမ်းမှအပိုဝင်ငွေရရှိသည့် ရာသီအချိန် စီပွားရေးလုပ်ငန်းအဖြစ်၍ အကျိုးအမြတ်ရရှိနေပါကြောင်း သိရသည်။
ကိုကိုနိုင်