မိုင်းကိုင်မြို့နယ်၊ ကျောင်းခမ်းရေကန်ဘောင် ပတ်လည်၌ နှစ်ရှည်ပင်နှင့်ပန်းအလှပင်များစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်

မိုင်းကိုင် ဇွန် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၏ သမိုင်းဝင်ရေကန် တစ်ကန်ဖြစ်သော ကျောင်းခမ်းရေကန်ဘောင်  ထိန်းသိမ်းရေး၊ အများပြည်သူ အနားယူအပမ်းဖြေသည့်နေရာတစ်ခု ဖော်ဆောင် ပေးနိုင်ရေးအတွက်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့်  ကန်ဘောင် ပတ်ပတ်လည်တွင် နှစ်ရှည် ပင်နှင့် ပန်းအလှပင်များကို စိုက်ပျိုးသွားမည်ဖြစ်ရာ  ယနေ့မနက်ပိုင်းတွင်  နယ်မြေခံတပ်မှ အရာရှိနှင့် တပ်မတော်သားများ၊ မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ စည်ပင်သာယာရေးဌာနနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍  ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကန်ဘောင်ပတ်လည်အရှည် ၅၃၃၀ ပေတွင် သစ်ပင်များအညီအညာ စိုက်ပျိုးနိုင်ရန်အတွက် ပေ ၂၀ အကွာအဝေး မှတ်တိုင်များ သတ်မှတ်တိုင်းတာပေးခြင်း၊ အပင်စိုက်ရန် တစ်ပေခွဲပတ်လည် မြေကျင်းများတူးဖော်ခြင်း၊ စိုက်ပျိုးမည့်အပင်များဖြစ်သည့် ချယ်ရီပင်၊ တပေ ဘူတပင်များနှင့် မြေဩဇာအဖြစ်အသုံးပြုမည့် မြေဆွေးများကို ကားများဖြင့်သယ်ယူစုဆောင်း ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါကျောင်းခမ်းရေကန်ပတ်လည်တွင် နှစ်ရှည်ပင်နှင့် ပန်းအလှပင်များ စိုက်ပျိုးနိုင်ရေး  ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများက  သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး  လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ချော(မိုင်းကိုင်)