ပုဂံရှေးဟောင်းနယ်မြေတွင် နားတောင်းမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် မဟာဗောဓိစေတီတော်အားဖူးမြှော်နိုင်ပြီး အင်းဝခေတ်ရေးထိုးမင်စာများအားလေ့လာနိုင်

ညောင်ဦး  ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ ခရစ်နှစ်(၁၂၁၅)ခုနှစ်တွင် နားတောင်းမင်းကြီးတည်ထား ကိုးကွယ်ခဲ့သည့် မဟာဗောဓိစေတီတော်အားဖူးမြှော်ပြီး တည်ထားမှုပုံစံဗိသုကာလက်ရာများကို လေ့လာနိုင်ကြောင်းသိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ မဟာဗောဓိစေတီတော်ကို နားတောင်းမင်းကြီးသည် ခရစ် နှစ်(၁၂၁၅)ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့ပြီး ဗုဒ္ဓဘုရားရှင်ပွင့်တော်မူရာ ဗုဒ္ဓဂါယာရှိ မဟာဗောဓိစေတီတော်၏ပုံစံကိုယူကာ တည်ဆောက်ထားသည်ဟုယူဆရပြီး အောက်အခြေခံ တွင် အိန္ဒိယကျောင်းပုံသဏ္ဍာန်မနိမ့်မမြင့်ခံပြီး အထက်ပိုင်းတွင် ပိရမစ်ပုံ အထက်သို့ရှူးတက် သွားသည့်ပုံစံတည်ဆောက်ထားကြောင်း လေ့လာတွေ့နိုင်ပါသည်။ မုခ်ဝလှိုဏ်ဂူအတွင်းရှိ ဆင်းတုတော်ကြီးမှာ ပြုပြင်ပြီးနောက်ပိုင်းလက်ရာဖြစ်ကြောင်းသိရကာ အပေါ်ထပ်သို့တက်ရန် လှေကားငယ်တစ်ခုရှိပြီး အပေါ်ထပ်မုခ်ခုံးအရှေ့ဘက်နံရံတွင် အင်းဝခေတ်ရေးထိုးနံရံမင်စာများ ကိုလေ့လာနိုင်ကြောင်း၊ မဟာဗောဓိဘုရားသည် နှစ်ထပ်အဆောက်အအုံပုံစံဖြစ်ပြီး ပေပေါင်း (၁၄၀)အမြင့်ရှိကြောင်း၊ စေတီတော်၏အရပ် လေးမျက်နှာထောင့်တိုင်းတွင် စေတီပုံစံငယ်များတည်ရှိကြောင်းတွေ့ရှိနိုင်သည်။စေတီ ခြေရင်းနှင့်အထက်မြင့်ပိုင်းနှစ်ခုလုံးတွင် နံရံမုခ်ကပ်ငယ်များစွာပါရှိပြီး ကွဲပြားခြားနားသော ကိုယ်ဟန်အနေအထားအမျိုးမျိုးဖြင့် ဗုဒ္ဓဆင်းတုတော်(၄၆၅) ဆူအား ပူဇော်ထားသည်ကိုလေ့လာတွေ့ရှိနိုင်ကြောင်း သမိုင်းအထောက်အထားများအရ သိရှိနိုင်သည်။

မဟာဗောဓိစေတီတော်၏ မြောက်ဘက်တွင် ယွန်းပညာကောလိပ်(ပုဂံ)၊ဧရာဝတီမြစ်၊ အရှေ့ဘက်တွင် သရပါတံခါး၊ တောင်ဘက်တွင် အနော်ရထာမင်းကြီးနှင့်ကျန်စစ် သားမင်းကြီး တို့ထီးနန်းစိုက်ခဲ့သည့် အောင်မြေကုန်းနန်းတော်ရာ၊ နန်းဦးဘုရား၊ ပိဋကတ်တိုက်၊ တစ်ဘက် ကျဘုရားနှင့် အနောက်ဘက်တွင် ဗူးဘုရားစေတီတော်တို့တည်ရှိပြီး ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင်ဘုရား၊စေတီ၊ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသောတည်ထားမှုပုံစံအမျိုးမျိုးတို့ ဖြင့်ဘုရားများကိုဖူး မြှော်လေ့လာနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ဒီပါလင်း