ကျောက်တန်း အောက်တိုဘာ ၈
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၈:၃၀ နာရီက မြို့မဈေးနှင့် ၃၃ ကားဂိတ်တို့တွင် Mask တပ်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဌေး ဦးဆောင်ပြီး မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသည် မိမိတို့ ကျောက်တန်းမြို့ နယ်တွင် ပိုးတွေ့ လူနာ(၉၉) ဦးအထိရှိလာခြင်းကြောင့် ပြည်သူများအနေဖြင့် မိမိတို့နေအိမ်ပြင်ပသို့ထွက်ခွါခြင်း မပြုကြရန်နှင့် ထွက်ခွါပါကလည်း Mask တပ်ဆင်ရန်၊ မဖြစ်မနေသွားလာရမည်ဆိုပါက မိသားစု တစ်စုလျှင် (၁) ဦးသာ သွားလာစေရေး၊ လူစုလူဝေးရှိသော နေရာများကို တတ်နိုင်သမျှ ရှောင်ကြဉ်ရေး၊ အပြင်မှပြန်လာတိုင်း၊ အရာ ဝတ္ထုများကို ကိုင်တွယ်ပြီးတိုင်း လက်သန့်ဆေး (သို့မဟုတ်) ဆပ်ပြာဖြင့် လက်ကို စနစ်တကျ ဆေးကြောရန်တို့ကို အသိ ပညာပေးပြီး Mask တပ်ဆင် အသုံးပြုခြင်း မရှိသူများကို Mask များ အခုဝယ် အခုတပ် စနစ်ဖြင့် တပ်ဆင် အသုံးပြုရေး တို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပူးပေါင်းအဖွဲ့များသည် မြို့မဈေးအတွင်း ဈေးသည်များနှင့် ဈေးအရောင်ဆိုင်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချခြင်း ရှိ/မရှိ လိုက်လံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး နောက်ရက်များ တွင်လည်း အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်ဆွေဝင်း (ကျောက်တန်း)