မြေပုံ ဇွန် ၁၁
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က မြေပုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဧည့်ရိပ်သာ၌ ပြုလုပ်သည်။
သဘာဝဘေး ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသည့် ဗိုလ်မှူးချုပ် ကျော်ကျော်စိုးသည် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးခိုင်လင်းနိုင်နှင့်အဖွဲ့ဝင်များ၊ သာသနာတော် ထွန်းကားပြန့်ပွားရးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးထက်အာကာနိုင်၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဌေး၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာသန်းထွန်းတို့နှင့် တွေ့ဆုံဆွေးနွေးရာ၌ ဗိုလ်မှူးချုပ်ကျော်ကျော်စိုးက “မိုခါ” မုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ပစ္စည်းများနှင့် ငွေများအား လေဘေးသင့်ပြည်သူများသို့ မြန်ဆန်ထိရောက်စွာ ဖြန့်ဝေရာ၌ သဘာဝဘေးပြန်လည်ထူထောင်ရေး မူဝါဒနှင့်အညီဖြစ်စေရေး၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ဌာနဆိုင်ရာများ အနေဖြင့် တာဝန်ယူ/တာဝန်ခံ၍ ဆောင်ရွက်စေရေးနှင့် လုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးသည်။
ဆက်လက်၍ ဗိုလ်မှူးချုပ် ကျော်ကျော်စိုးက မိမိရောက်ရှိပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ရာ၌ လေဘေးသင့်ပြည်သူများ စာရေးရိက္ခာအဆင်ပြေစေရေးနှင့် အမိုးအကာအောက် လုံခြုံစွာရောက်ရှိစေရေး၊ ဘုန်းကြီးကျောင်းများ၊ သာသနိက အဆောက်အဦများ ပြန်လည်ပြုပြင်နိုင်ရေး၊ အရေးပေါ်အခြေအနေအရ အခြေခံပညာကျောင်းများ အချိန်မီဖွင့်လှစ်၍ ပညာသင်ကြားနိုင်ရေးနှင့် ဆေရုံ/ဆေးပေးခန်းများ အမြန်ဆုံးဖွင့်လှစ်ကုသနိုင်ရေးတို့ကို မူဝါဒနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း၊ လေဘေးသင့်ပြည်သူများသို့ စာရေး ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများ ဖြန့်ဝေပေးမှုနှင့်ပတ်သက်၍ စာရင်းဇယား၊ ပြေစာ၊ လယ်ဂျာများဖြင့် စာရင်းစစ်ဆေးခံနိုင်အောင် ဆောင်ရွက် ထားရှိရန်၊ မိမိတို့မြို့နယ်အတွက် အရေးပေါ်လိုအပ်ချက်ရှိပါက အစည်းအဝေး ပြုလုပ်အတည်ပြုပြီးမှ အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်တို့ကို ရှင်းလင်းဆွေးနွေးပြောကြားကြောင်း သိရှိရသည်။
တင်ဝင်း