ကျောင်းဖွင့်ကာလတွင် ကျောင်းသား/သူများ  စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် အ.ထ.က(၂)ကျောင်းအတွင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ကွတ်ခိုင် ဇွန် ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် (၈း၀၀) နာရီအချိန်က အမှတ်(၅) ရပ်ကွက်၊ အ.ထ.က(၂)ကျောင်း၌ ကျောင်းဖွင့်ကာလတွင် ကျောင်းသား/သူများ  စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ စုပေါင်း၍ သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)ကွတ်ခိုင်မှ စစ်ဗျူဟာမှူးဗိုလ်မှူးကြီးသိန်းအောင်စိုးနှင့် တပ်မတော်သားများ၊ ကွတ်ခိုင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဒုရဲမှူးကြီးလှိုင်မင်းစိုးနှင့် ခရိုင်ထွေ/အုပ်အဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးမျိုးညွန့်နှင့် မြို့နယ်ထွေ/အုပ်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ခရိုင်လဝကမှူး ဦးစောဝင်းလွင်နှင့် လဝကဝန်ထမ်းများ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ကျန်းမာ‌ရေးဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှု‌ရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ စုပေါင်း၍အဖွဲ့များခွဲကာ ကျောင်းဝန်းအတွင်းရှိသည့် အမှိုက်များအား ရှင်းလင်းခြင်း၊ ပေါင်းမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ မြက်များ၊ ခြုံနွယ်ပိတ်ပေါင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းနှင့် စာသင်ခန်းအတွင်း ခြင်ဆေးများဖြန်းခြင်းတို့ကို ဆောင်ရွက်ပြီး ရှင်းလင်းပြီးအမှိုက်များကို စည်ပင်အမှိုက်ကားဖြင့် စနစ်တကျစွန့်ပစ်ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)