မက်မန်းမြို့နယ်တွင်စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကွင်းဆင်း ဆောင်ရွက်

မက်မန်း ဇွန်  ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် ခြင်းကို ယမန်နေ့က မင်းရန်အောင်ကျေးရွာအုပ်စု၊ မင်းရန်အောင်ကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သောင်း ဦးဆောင်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးမိုင်းညီဇော်လှအောင် (လက်ထောက်ညွှန်ကြားရေးမှူး)၊ ဆွတ်ဝိုးတိုက်နယ်ဆေးရုံမှ တိုက်နယ်ဆရာဝန် ဒေါက်တာတိုးသူရ အောင်နှင့် ကျန်းမာရေးဝန်ထမ်းများသည်  စစ်ကြောင်းကြီး (၅) ကြောင်းဖြစ်သော  အုပ်ချုပ်ရေးစစ် ကြောင်း၊ နိုင်ငံရေးစစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးစစ်ကြောင်း၊ လူမှုရေးစစ်ကြောင်း၊ စည်းရုံးရေးစစ်‌ ကြောင်းဆိုင်ရာတို့နှင့်အညီ အသိပညာပေးဟောပြောခြင်း၊ ကျေးရွာနေသက်ကြီးအမျိုးသား (၅) ဦး အား အဝတ်အထည်များ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးခြင်း၊  ကျေးရွာနေပြည်သူ (၂၉) ဦးအား ဆေးဝါးများကုသပေးခြင်း၊ မင်းရန်အောင်ကျေးရွာရှိ မူလတန်း ကျောင်း ဥပဓိရုပ်ကောင်းမွန်းစေရေးနှင့် ကျောင်းပတ်ဝန်းကျင်သာယာလှပစေရေး သန့်ရှင်းရေး ဆောင်ရွက်ရန်မှာကြားခြင်း၊ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးသုံးစွဲခြင်းမှ ရှောင်ကြဉ်စေရန် အသိပညာပေးဟောပြောခြင်း၊ အမှုကြီး (၁၀) မှုဖြစ်ပွားမှု နည်းပါးပပျောက်စေရန် ဟောပြောခြင်း၊ ကျေးလက်ကျန်းမာရေးဌာနဆောက်လုပ်မည့် မြေနေရာရွေးချယ်ခြင်းများကို ဆောင်ရွက်ခဲ့သည်

ထို့ပြင် ကွင်းဆင်းရေးအဖွဲ့သည် မင်းရန်အောင်ကျောင်းတိုက်ဆရာတော်အား နဝကမ္မဝတ္ထု ငွေကျပ် လေးသောင်းငါးထောင် လှူဒါန်းခဲ့ပြီး ကျေးရွာသူကျေးရွာသားများ၊ ကလေးငယ်များအား အာဟာရမုန့်များကို လှူဒါန်းပေးခဲ့ကြောင်းလည်း သိရသည်။

စောဥမ္မာ ( ခရိုင်၊ပြန်/ဆက်)