ကျောက်ဆည်မဂ္ဂဇင်းအမှတ်(၂)စာအုပ် မိတ်ဆက်ဆွေးနွေးပွဲကျင်းပ

ကျောက်ဆည် ဇွန်၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းမှ ထုတ်ဝေသော ကျောက်ဆည်မဂ္ဂဇင်း အမှတ် (၂)စာအုပ် မိတ်ဆက်ဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီက ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မိတ်ဆက်ဆွေးနွေးပွဲတွင် ကျောက်ဆည်မြို့မဟာဂန္ဓာရုံ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်ဘဒ္ဒန္တပဏ္ဍိတ စာရေးဆရာမိုး (ကျောက်ဆည်)က ကျောက်ဆည်ဝိနည်းစာပြန်ပွဲ နှစ်(၁၀၀)ပြည့် အထိမ်းအမှတ်အဖြစ် ရာပြည့်စာစောင်ထုတ်ဝေမည်ဖြစ်ရာ စာရေးဆရာများအနေဖြင့် အသိပညာပေး ဗဟုသုတ ရရှိဖွယ် စာပေများကို ရေးသားပေးပို့ကြရေး မိန့်ကြားခဲ့ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်းက ၂၀၂၃ ခုနှစ် ကျောက်ဆည်မဂ္ဂဇင်းအမှတ်(၂)စာအုပ်ထုတ်ဝေနိုင်ခြင်းသည် စာပေ ဖတ်ရှုလိုသူများအတွက် အသိပညာကဏ္ဍစုံ တိုးပွားစေရာ စာပေချစ်မြတ်နိုးသူများ၊ စာရေးဆရာများ အား ကျေးဇူးတင်ကြောင်းနှင့် နောင်တွင်စာအုပ်များ ဆက်လက်ထုတ်ဝေနိုင်ရန် ကြိုးစားသွားကြစေရေး အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်က မဂ္ဂဇင်းထုတ်ဝေနိုင်ရေး၊ သက်ကြီး စာပေပညာရှင်များပူဇော်ခြင်း၊ အသင်းဝင်တိုးပွားရေး ကြိုးစားဆောင်ရွက်ခဲ့ကြောင်းနှင့် အမှတ်(၂) မဂ္ဂဇင်း စာအုပ်ထုတ်ဝေပြီးဖြစ်၍ အသင်းရန်ပုံငွေတိုးပွားရေး မဂ္ဂဇင်းတစ်အုပ်လျှင် ငွေ(၆၀၀၀)ကျပ်ဖြင့် ရောင်းချသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မဂ္ဂဇင်းအယ်ဒီတာချုပ် စာရေးဆရာ မွန်းဇူးက စာအုပ်ဖြစ်မြောက်ရေး တက်ကြွစွာပါဝင်ခဲ့သူများအား ကျေးဇူးတင်ကြောင်းနှင့် နောင်တွင် ယခုကဲ့သို့ စာအုပ်များဆက်လက်ထုတ်ဝေနိုင်ရေး ကြိုးစားသွားကြစေရေး ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မဂ္ဂဇင်းတာဝန်ခံအယ်ဒီတာစာရေးဆရာလှမိုးသစ်က မဂ္ဂဇင်းထုတ်ဝေနိုင်ရေးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့ရာ ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောက်ဆည်မဂ္ဂဇင်း အမှတ်(၂) ထုတ်ဝေနိုင်မှု သည် ကျောက်ဆည်စာရေးဆရာအသင်း၏ မှတ်တိုင်တစ်ခုဖြစ်၍ စာပေချစ်မြတ်နိုးသူများ ပိုမိုတိုးပွား လာမည်ဖြစ်ကြောင်း အမှတ်တရစကားပြောကြားခဲ့ကြောင်းနှင့် ကဗျာဆရာ ဘိုဘိုကျော်က ကျောက်ဆည်ပရိုဖိုင် ကဗျာအား ရွတ်ဆိုခဲ့ပြီး ကျောက်ဆည်ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ မဂ္ဂဇင်း စာအုပ်များ လှူဒါန်းခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)