ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ ပြည်ပပို့ကုန်မြှင့်တင်ရေး ဆွေးနွေးပွဲကျင်းပ

ဟိုပုံး   ဇွန်  ၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ပြည်ပပို့ကုန်မြှင့်တင်ရေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်အကြီးအကဲမှ MSME လုပ်ငန်းများကို အားပေးဆောင်ရွက်ခြင်းမှာ ကုန်ထုတ်လုပ်မှုများတိုးတက်ရေး၊ သွင်းကုန်အစားထိုးနိုင်ရေးနှင့် ပြည်ပသို့ ကုန်ပစ္စည်းများတင်ပို့နိုင်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိဒေသဖွံ့ဖြိုး  တိုးတက်ရေးမှာလည်း လုပ်ငန်းရှင်ကြီးများဟာလည်း အဓိက အရေးပါလျက်ရှိကြောင်းပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ချိုက စားသုံးသူကာကွယ်ရေး လုပ်ငန်းများနှင့် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်းကောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ကုန်သွယ်မှု မြှင့်တင်‌ရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာက ပြည်တွင်း၊ ပြည်ပကုန်စည်ပြပွဲများနှင့်ပတ်သက်သည့်အကြောင်းအရာများကိုလည်းကောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မူပိုင်ခွင့်ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမိုးမိုးသွယ်က လုပ်ငန်းရှင်များအား မူပိုင်ခွင့်နှင့် ပတ်သက်သည့် ဆောင်ရွက်သင့်၊ ဆောင်ရွက်ထိုက်သည်များ ကိုလည်းကောင်း အကျယ်တဝင့်အသီးသီးပြောကြားသည်။ ဆက်လက်၍တက်ရောက်လာသည့် ပွဲရုံလုပ်ငန်းရှင်များ၊ ဆန်အစုအဖွဲ့၊ အာလူးအစုအဖွဲ့၊ ထောပတ်အစုအဖွဲ့၊ ပြောင်းအစုအဖွဲ့၊ ပင်မှည့်အစုအဖွဲ့၊ ငရုပ်အစုအဖွဲ့၊ နာနတ်အစုအဖွဲ့၊ ကော်ဖီအစုအဖွဲ့များက လိုအပ်သည်များ တင်ပြ ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)