ဦးရာဇ်တော်ဓာတ်စေတီတော်မြတ်ကြီးအား ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့ လာရောက်ဖူးမြော်ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး

ပုဏ္ဏားကျွန်း ဇွန် ၁၁

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ  ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား  ပုဏ္ဏားကျွန်းမြို့နယ် ပြန်လည်ထူထောင်ရေးတာဝန်ခံ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက လာရောက်ဖူးမြော်ကာ မုန်ခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် သာသနာ့ အဆောက်အအုံများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်ဘုရားဂေါပကအဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဦးရာဇ်တော်ဘုရား ဘက်စုံမွမ်းမံပြုပြင်ရန်အတွက် ဗိုလ်မှူးချုပ်ဝင်းမောင်က အလှူငွေများလှူဒါန်းပေးပြီး ဂေါပကအဖွဲ့မှ ဦးရာဇ်တော်စေတီပုံတော်အား အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ခဲ့သည်။

ထို့နောက်ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်အဖွဲ့သည် ဦးရာဇ်တော်စေတီတော်မြတ်ကြီးအား ဖူးမြော်ပြီး ဆီမီး၊ ပန်း၊ ရေချမ်းများကပ်လှူပူဇော်ကာ မုန်ခါမုန်တိုင်း တိုက်ခတ်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သော သာသနိကအဆောက်အအုံများ၊ ဦးရာဇ်တော်ဓာတ်လှေကားနှင့်ကြိုးတံတားပျက်စီးမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။ 

နီထွန်းအောင်(ပြန်/ဆက်)