ပျဉ်းမနား ဇွန် ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် သီးနှံကာကွယ်ရေးဌာနခွဲ(ရုံးချုပ်)မှ ပူးပေါင်းကျင်းပသည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်း ဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက သုခစိုးဟိုတယ်၌ ကျင်းပရာ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များဖြစ်ကြသည့် ဦးထွန်းထွန်းထွေး၊ ဒေါက်တာ ထွန်းရွှေ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာရဲတင့်ထွန်းက မိမိတို့ နိုင်ငံ၏ စီးပွားရေးသည် စိုက်ပျိုးရေး၊ မွေးမြူရေးကို အခြေခံသည့်အားလျော်စွာ နိုင်ငံ့စီးပွားဖွံဖြိုးတိုးတက် ရေးအတွက် စိုက်ပျိုးထွက်ကုန်များ အထွက်နှုန်း တိုးတက်ရေးသည် အဓိကကဏ္ဍတစ်ရပ်ဖြစ်ပြီး အထွက်နှုန်းတိုးတက်ရေးကို ဟန့်တားစေသော ဖျက်ပိုးမွှားများကို ကာကွယ်နှိမ်နင်း ရာမှာလည်း စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေသူများရဲ့ တာဝန် တစ်ရပ်ဖြစ်ကြောင်း၊ မဖြစ်မနေ သုံးစွဲရမည့် ပိုးသတ်ဆေးများသည်လည်း အရေးကြီးသော သွင်းအားစု တစ်ရပ်ဖြစ်ပြီး ယင်းကဲ့သို့ ပိုးသတ်ဆေး များသည် အခြားသွင်းအားစုများနှင့်မတူပဲ လူ နှင့် ပတ်ဝန်းကျင် ကို အဆိပ်ရှိ ပစ္စည်းများဖြစ်သဖြင့် ကိုင်တွယ်/ရောင်းဝယ် ဖောက်ကားသည့် အခါတွင် ဥပဒေနှင့်အညီ လိုက်နာပြီး စနစ်တကျ သုံးစွဲစေလိုကြောင်းနှင့် သင်တန်းသား/သူများ အနေဖြင့်လည်း သင်တန်းပြီးစီး၍ မိမိဒေသသို့ ရောက်ရှိသွားတဲ့အခါ သင်တန်းကရရှိခဲ့တဲ့ ဗဟုသုတများကို ပြန်လည် မျှဝေစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ညွှန်ကြားရေးမှူးချုပ်ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက သင်တန်းတွင်ဆုရရှိသူများနှင့် သင်တန်းသား/သူများထံ သင်းတန်းဆင်း လက်မှတ်များ အသီးသီး ပေးအပ်ခဲ့ပြီး သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းကို ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)