ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် ၂၀၂၃ ခုနှစ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်‌ရောက်

မြစ်ကြီးနား ဇွန် ၁၁

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုး ပွဲတော်ကို မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ် ဖူဆယ်အားကစားကွင်းအနီး မြေကွက်လပ်၌ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခွဲက ကျင်းပ ပြုလုပ်ခဲ့ကြသည်။

မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များနှင့် ပါမောက္ခ ဌာနမှူးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့်အတူ တက္ကသိုလ် ဖူဆယ်အားကစားကွင်းအနီး မြေကွက်လပ်၌ ယင်းမာ၊ မဟော်ဂနီ၊ ရေထောက်ကြံ့၊ ရေပိတောက်၊ လောက်ယား၊ မအူ၊ စကားဝါ၊ ခလောင်၊ ဖက်ဆွတ်ရေတမာ စသည့် အရိပ်ရသစ်ပင် ကြီးမျိုး ၅၇၀ ကျော်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်သည့် အခြေ အနေများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုနှင့် သစ်ပင်စိုက်ပျိုးပွဲ တက်ရောက်လာကြသည့် သစ်ပင်စိုက်ပျိုးသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ ကြသည်။

ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်နှင့် တပ်ကုန်းရပ်ကွက် ချင်းဆက်လမ်းတစ်ခုဖြစ်သည့် ဒူဝါဇော်ရစ် လမ်းတစ်လျှောက်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပန်းမြို့တော်စီမံချက်ဖြင့် လမ်းဘေးဝဲ/ယာတစ် လျှောက် သပြေဘူတနှင့် စက္ကူပန်းပင်များ စုပေါင်းစိုက်ပျိုးပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်ဝန်ကြီးများက အလှပန်းပင်များကို စိုက်ပျိုးပေးခဲ့ကြပြီး စိုက်ပျိုးထားရှိမှု အခြေအနေများအား  လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

ပြည်နယ်ပြန်/ဆက်