မအီမြို့၌ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မအီ  ဇွန်  ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ သဒွန်ကျေးရွာအုပ်စု၊ မြောင်းတောင်ကျေးရွာတွင် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာအကြမ် းဖက်မှုပပျောက်ရေးနှင့် အခြားကျန်းမာရေးအသိပညာပေး ဟောပြောပွဲကို မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနနှင့် တောင်ကုတ်မြို့နယ်အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးမှူးများအသင်းတို့ ပူးပေါင်း၍ ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါကျေးရွာ မူလတန်းလွန်ကျောင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ခြင်း၌ တောင်ကုတ်မြို့နယ်အခြေစိုက် မြန်မာနိုင်ငံ ကျန်းမာရေးမှူး များအသင်းမှ ကျန်းမာရေးမှူး ဦးတင့်ဆွေက အသိပညာပေး ဟောပြောရာတွင် နိုဝင်ဘာလ (၂၅) ရက်နေ့မှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ဖြစ်ကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ဖြစ်သော ထိုနေ့တွင့် ကမ္ဘာတဝှမ်းရှိ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး လှုပ်ရှားဆောင်ရွက်မှုများ၊ မီးထိုးလှုံ့ဆော်မှုများမှာ ကမ္ဘာတစ်ဝှမ်းရှိ လူထုအကျိုးမျှော် နှိုးဆော်သူများနှင့် မြန်မာနိုင်ငံ အမျိုးသမီးအရေး လှုပ်ရှားသူတွေကလည်း ပါဝင်ဆောင်ရွက်ကြပါကြောင်း၊ ရေမြေဒေသကိုလိုက်၍ အမည်များနှင့် နောက်ခံဖြစ်ရပ်များ မည်မျှပင်ကွဲပြားစေကာမူ နေရာအနှံ့ရှိ အမျိုးသမီးများနှင့်မိန်းကလေးများမှာ မတော်တရော်ပြုကျင့်ခြင်းနှင့် အဘက်ဘက်မှ ရင်ဆိုင်နေကြရပြီး ၎င်းတို့၏ ဖြစ်အင်ကို လူအများသိရှိကြရန်လိုကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသများတွင် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက ထိရောက်သည့် ပြစ်ဒဏ်ကို ချမှတ်ကာကွယ်ပေးစေနိုင်ရေးအတွက် မိမိတို့အနေဖြင့် ပူးပေါင်း ပါဝင်ပေးကြစေလိုကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မအီမြို့၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးလှဝင်းက ယခုအချိန်မှာကလေးသူငယ်များ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားနေချိန်ဖြစ်၍ မိဘများအနေဖြင့်ခြင်အန္တရာယ်ကို အထူးသတိပြုကြစေလိုကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာန(သို့မဟုတ်) ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူများထံတွင် အမြန်ဆုံးပြသပေးစေလိုကြောင်း၊ မိမိတို့ပတ်ဝန်း ကျင်တွင် ခြင်များပေါက်ဖွားနိုင်သည့် ရေတင်ကျန်နိုင် သောနေရာများနှင့် စွန့်ပစ်ပစ္စည်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ တာယာခွံ၊ ပလပ်စတစ်ခွံများ ရှင်းလင်းရှင်း၊ ရေနှုတ်မြောင်းများနှင့် Box Culvert များအားရေစီးရေလာ ကောင်းမွန်စေရေးအတွက် ဆောင်ရွက်ခြင်း၊ ရေစည်၊ ရေအိုးများနှင့် ရေသိုလှောင်ကန်များအတွင်းခြင်များ ပေါက်ပွားမှုမရှိစေရေးအတွက် သန့်ရှင်းဆောင်ရွက်ပေးခြင်းတို့ကို ပြုလုပ်ထားရန် လိုအပ်ပါကြောင်း၊ မိမိတို့ ကျန်းမာရေးဌာန အနေဖြင့်လည်း သွေးလွန်တုပ်ကွေးရောဂါ ကင်းဝေးစေရေးအတွက် အပတ်စဉ် ကွင်းဆင်းစစ်ဆေး ဆောင်ရွက်လျက်ရှိပါကြောင်းတို့ကို ကျန်းမာရေးအသိပညာပေး ဟောပြောခဲ့ပြီးအဆိုပါ အသိပညာပေးဟောပြောပွဲကို မြောင်းတောင်ကျေးရွာမှ အမျိုးသမီးများနှင့် မိန်းကလေးငယ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မောင်မောင်ဌေး(ပြန်/ဆက်)