မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့  မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းမှ ငွေကျပ် (၁၆၇)သိန်းနှင့်အဝတ်အထည်များ၊ စားသုံးဆီများနှင့်လူသုံးကုန်ပစ္စည်းများ ပေးအပ်လှူဒါန်း

ရန်ကုန် ဇွန် ၁၁

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါ အဝင်ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာအမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌ ဒေါ်ကြွေကြွေဇင်၊ဒုတိယဥက္ကဋ္ဌဒေါက်တာ မြတ်သီတာမြင့်နှင့် အဖွဲ့ဝင်များမှ ငွေကျပ်(၁၆၇)သိန်းနှင့်အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ၊ ကလေးအာဟာရမှုန့်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ၊T-Shirtများ၊ စားသုံးဆီများကို ယနေ့ နံနက်ပိုင်းက လာရောက်လှူဒါန်းရာ UMFCCI Task Force  အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံရယူခဲ့သည်။

ကုန်သည်စက်မှုအသင်းချုပ်သည်  ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သော အဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက်  အစား အသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အလှူငွေများ လှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ဆက်သွယ်၍ အလျင်မြန်ဆုံး ထိရောက်စွာ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)