မိုင်းယောင်း ဇွန် ၁၁
လူ့အဖွဲ့အစည်းတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျဆုံးလိုအပ်ချက်ကို ပြောပါဟုဆိုလျှင် ယင်းလူ့အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်နေကြသည့် လူပုဂ္ဂိုလ်အားလုံး၏ အသိပညာရေချိန်(Knowledge Level)မြင့်မားနေရန်ပင်ဖြစ်သည်ဟု ဆိုရပါမည်။ အသိပညာ ဗဟုသုတ မြင့်မားတိုးတက်နေမှသာလျှင်ယင်းလူ့အဖွဲ့အစည်းအတွင်း၌ အမှားအမှန်၊ အကြောင်းအကျိုး၊ အကောင်းအဆိုးဟူသမျှကို ဆင်ခြင်တုံတရားဖြင့် ကောင်းစွာချင့်ချိန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိနိုင်ပြီး ကောင်းမွန်သည့် အကျိုးရလဒ်များလည်း ရရှိခံစားနေကြရမည် ဖြစ်သည်။
ထို့ကြောင့် ယနေ့အချိန်၌ လူ့အဖွဲ့အစည်းတိုင်းလိုလိုက မိမိတို့လူ့အဖွဲ့အစည်းကို အသိပညာအခြေခံသော လူ့အဖွဲ့အစည်း (Brain Base Society) တစ်ခုဖြစ်ပေါ်လာအောင် တတ်နိုင်သမျှ စီမံကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။
အောင်မင်္ဂလာကျေးရွာသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် မိုင်းယောင်းမြို့နယ်ဟောင်ကြန့်ကျေးရွာအုပ်စုတွင် တည်ရှိပြီး ဗမာလူမျိုးအများစုနှင့် ရှမ်း၊ အာခါ၊ လားဟူ၊ လွယ် စသော အခြားတိုင်းရင်းသားလူမျိုးများဖြင့် အိမ်ခြေ ၅၁၊ အိမ်ထောင်စု ၅၁၊ လူဦးရေ ၂၀၄ ဦး စုပေါင်းမှီတင်းနေထိုင်ကြသည့် ကျေးရွာတစ်ရွာဖြစ်သည်။
အဆိုပါ ကျေးရွာ၏ ထူးခြားချက်မှာ စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူများ၊ စာပေကို လေးစားတန်ဖိုးထားသူများတို့ဖြင့် ရပ်မိရပ်ဖကအစ ကလေးအဆုံး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသူကြီးနှင့် ရွာသူရွာသားများတို့သည် စာဖတ်ခြင်း၏ အကျိုးကျေးဇူးနှင့် စာပေ တန်ဖိုးများကို ကောင်းစွာ သိရှိနားလည်ထားကြသူများဖြစ်သည်။
အခြားသော ကျေးရွာများနှင့် ပို၍ကံကောင်းသည်မှာ အခြေခံပညာအလယ်တန်းကျောင်းကို ရရှိပိုင်ဆိုင်ထားသည်သာမက ယခုလက်ရှိ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန္တာလှိုင်သည် ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးရေး၊ ဇာတိသွေး ဇာတိမာန်နိုးကြားတက်ကြွစေသည့် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး အဟောအပြောကောင်းသူ စာပေသမား တစ်ဦးလည်းဖြစ်သည်။
ကျေးရွာ၏ အဓိကအားသာချက်တစ်ရပ်မှာ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့ငွေနှင့် ကျေးရွာလူထု၏ ထည့်ဝင်ငွေများဖြင့် သတ်မှတ်စံ(၅)ရပ်နှင့် ပြည့်စုံ သော ကျေးရွာစာကြည့်တိုက် ဖွင့်လှစ်ထားရှိနိုင်ခဲ့ခြင်းပင်ဖြစ်သည်။
အောင်မင်္ဂလာကျေးရွာသည် ယခင်က GE ကျေးရွာအဖြစ် လူသိများခဲ့ပြီး ၎င်းတို့၏ မိသားစု ဝင်များ၊ စစ်မှုထမ်းဟောင်းမိသားစုအနည် းငယ်မျှနှင့် စတင်ခဲ့ရာမှ ယခုအခါ ကျေးရွာ တာဝန်ခံအုပ်ချုပ်ရေးမှူး စာပေသမားဖြစ်သူ ဦးဌေးလင်းက ကျေးရွာနေလူထုကို စုစည်းတိုင် ပင်ပြီး အောင်မင်္ဂလာကျေးရွာအဖြစ် ဆောင်ရွက်ခဲ့ရာမှ လမ်းပန်းဆက်သွယ်ရေး၊ သောက်ရေသုံးရေနှင့် (၂၄)နာရီ လျှပ်စစ်မီးရရှိနေသည့်အပြင် ဦးအောင်ဇော်ထွန်း ဦးဆောင်သော မျိုးဆက်သစ်ရောင်နီပရဟိတလူမှုကူညီရေးအသင်းလည်း အခိုင်အမာ ဖွဲ့စည်းထားရှိပြီး ဖြစ်ရာ မိုင်းယောင်းမြို့၏ လူမှုကူညီစောင့်ရှောက်ရေးလုပ်ငန်းများတွင် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်ကူညီ လုပ်ဆောင်နေလျက်ရှိသည်။
GE မိသားစုမှ အခြေခံခဲ့သည့်အားလျော်စွာ ပန်းရန်လုပ်ငန်း၊ လက်သမားလုပ်ငန်းနှင့် ဆောက်လုပ်ရေးကန်ထရိုက်လုပ်ငန်းများသည် ကျေးရွာ၏ အဓိကအသက်မွေးဝမ်းကျောင်း (သို့မဟုတ်) စီးပွားရေးလုပ်ငန်းများဖြစ်ပါသည်။ အားကစားဖွံ့ဖြိုးရေးအတွက် ကျေးရွာရှိ ဘောလုံးကွင်းကိုလည်း မြို့နယ်အားကစားကွင်းအဖြစ် ပြောင်းလဲတိုးချဲ့ပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့သည်။
မိုင်းယောင်းမြို့နယ်၏ စာပေဖွံ့ဖြိုးတိုးတက်ရေး ဝါသနာတူ ကလပ်အသင်းအဖွဲ့များဖြစ်ကြ သည့် Book Club၊ Youth Club နှင့် Women Club၊ ရင်ခွင်မဲ့ကလေးများ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ မိုင်းယောင်းလူငယ်ဘုံဆွမ်းလောင်းအသင်း စသော လူမှု ရေး အသင်းအဖွဲ့များတို့သည် အောင်မြေဆည်းဆာကျေးရွာကို အခြေပြုပြီး ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြကာ မြို့နယ်အတွင်း ပြည်သူ့အကျိုး ပြုလုပ်ငန်းများဖြစ်သည့် ဘာသာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စာပေဖွံ့ဖြိုးရေး၊ စာကြည့်တိုက်ဖွံ့ဖြိုးရေးနှင့် လူကုန်ကူးမှု တိုက်ဖျက် ရေး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စသည့် အသိပညာပေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
ယခုအခါ သတ်မှတ်စံ(၅)ရပ်နှင့် ကိုက်ညီသော ကျေးရွာစာကြည့်တိုက်ကို ဖွင့်လှစ်ပေးပြီး ဖြစ်သလို စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စာပေစိတ်ဝင်စားသော ကျေးရွာ လူငယ်အများစုပါဝင်သည့် စာကြည့်တိုက်ကော်မတီကိုလည်း ဖွဲ့စည်းထားရှိပြီးဖြစ်သည်။ လိုအပ်သည့် စာကြည့်တိုက်ဆိုင်ရာ ပညာရပ်များကို မြို့နယ်ပြည်သူ့စာကြည့်တိုက်မှူး ဒေါ်နန်းပန်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက လက်တွေ့ ကွင်းဆင်းပို့ချပေးမှုများ ဆောင်ရွက်ပေးခဲ့သလို စာအုပ်စာစောင်များ၊ နေ့စဉ်ထုတ်သတင်းစာ များလည်း လစဉ် ပုံမှန်လှူဒါန်းသူများ ရှိနေသည်။ ကျေးရွာ၏ ပညာဘဏ်တိုက်ဖြစ်သည့် စာကြည့်တိုက်သို့ ကျေးရွာနေ ပြည်သူများအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပြည်သူ များတို့သည်လည်း နေ့စဉ်နှင့်အမျှ လာရောက်အသုံးပြုလျက်ရှိသည်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး အရှည်တည်တံ့ဖွံ့ဖြိုးသော နိုင်ငံနှင့်လူမျိုးဖြစ်စေရေးအတွက် တည်ထောင်ပျိုးထောင်ရာတွင် စာကြည့်တိုက်သည် အရေးကြီးသော ဖွံ့ဖြိုးရေးဆိုင်ရာ လက္ခဏာတစ်ရပ်ဖြစ်သည်။ ထိုနိုင်ငံတွင် အဆင့်မြင့်စာကြည့်တိုက်များ မည်မျှရှိသနည်း။ ထိုစာကြည့်တိုက်များတွင် စာအုပ်စာတမ်းများကို မည်သို့ထိန်းသိမ်းကြသနည်း။ လူထု စာကြည့်တိုက်များ၊ ကျေးလက်စာကြည့်တိုက်များ အသုံးပြုမှု မည်သို့သော အခြေအနေရှိ သည်ဆိုသော သုတေသနပြု လေ့လာချက်သည် ထိုနိုင်ငံ၏ အနာဂတ်ကို လေ့လာ သုတေသနပြုချက်ပင်ဖြစ်သည်။
စာပေသည် နိုင်ငံတစ်နိုင်၊ လူမျိုးတစ်မျိုး၏ အနာဂတ်ကို ဖန်တီးစေနိုင်ပါသည်။ ဖွံ့ဖြိုးတိုးတက်သောနိုင်ငံများ၏ အဓိကအခြေခံအကြောင်း တရားမှာ ယင်းနိုင်ငံနေပြည်သူများ စာဖတ်ခြင်းကြောင့်ဖြစ်သည်။ စာဖတ်သော လူမျိုးတိုင်းသည် တိုးတက်ကြသည်။ နိုင်ငံ တစ်နိုင်ငံ၏ ပြယုဂ်သည်လည်း စာကြည့်တိုက်များပင်ဖြစ်သည်။ ယနေ့တိုးတက်ပြီးသော အနောက်နိုင်ငံများကိုကြည့်လျှင် ခမ်းနားထည်ဝါသော စာကြည့်တိုက်များကို တွေ့ရမည်ဖြစ် ပြီး ထိုစာကြည့်တိုက်တွင် ကလေးမှအစ လူကြီးအဆုံး အရွယ်မျိုးစုံသော ပြည်သူများက စာကြည့်တိုက်ကို ကောင်းစွာအသုံးချနေသည်ကို တွေ့ကြရမည်ဖြစ်သည်။ ဤကား စာပေသည် ထိုနိုင်ငံ၊ ထိုနိုင်ငံသားတို့၏ အနာဂတ်ကို ဖန်တီးနေခြင်းပင်ဖြစ်သည်။
ယနေ့မျက်မှောက်ကာလတွင် မြန်မာနိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် အဖြစ် ပေါ်ထွန်းလာရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အရည်အချင်းမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု Highly Qualified Human Resourcs အစီအစဉ်များ ကို အင်နှင့်အားနှင့် ထုထည်ပမာဏကြီးမား အကောင်အထည်ဖော်ရန် လိုအပ်လျက်ရှိသကဲ့ သို့ ဒေသအလိုက် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု Regional Human Resource Develpoment အစီအစဉ်များကိုလည်း နေရာအနှံ့ ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည် ဖော်သွားကြရမည်ဖြစ်ပါသည်။
ယနေ့ကာလသည် ပညာခေတ်ဖြစ်သည့်အလျောက် ခေတ်၏စိန်ခေါ်မှုများကို ရင်ဆိုင် ယှဉ်ပြိုင်နိုင်ရန်အတွက် လူငယ်များ ထာဝရကြိုးပမ်းနေကြရမည်ဖြစ်ပါသည်။ ထိုသို့ ကြိုးပမ်းရာတွင် လူငယ်များအနေဖြင့် စာဖတ်တတ်ရန်လိုအပ်ပြီး စာဖတ်တတ်မှသာလျှင် စာကောင်းပေကောင်းများကို ရွေးချယ်တတ်မည်ဖြစ်သည်။ လူငယ်များသည် အကောင်းအဆိုး ခွဲခြားသိမြင်၍ အကောင်းတရားတို့ကို တိုးပွားအောင် ဆောင်ရွက်နိုင်မှသာ ပညာဗဟုသုတ အလိမ္မာနှင့် ပြည့်စုံသည်ဟု မှတ်ယူနိုင်မည်ဖြစ်သည်။
“အလိမ္မာ စာမှာရှိ”ဟု ဆိုရိုးစကားရှိသော်ငြားလည်း စာထဲ၌ရှိသော အလိမ္မာကို ယနေ့လူငယ် များ ထုတ်မယူတတ်လျှင် အချည်းနှီးပင်ဖြစ်သည်။ စာအုပ်စာပေကောင်းများသည် မျိုးချစ် စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ အမျိုးသားယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ကိုယ်ကျင့်တရားကောင်းမွန်ရေး၊ အကျင့်စာရိတ္တမြင့်မားရေး၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်ရေးနှင့် ဆင်ခြင်တုံတရား လက်ကိုင်ထားတတ်စေရေး စသည့် မှန်ကန်သော အတွေးအခေါ်အယူအဆများကို ဖြစ်ထွန်းလာစေပါသည်။
အချုပ်အားဖြင့် စာပေသမားများ စုစည်းနေထိုင်သော စာပေသမားများ မွေ့ပျော်နေသော အောင်မင်္ဂလာကျေးရွာသည် “အနာဂတ်အလင်းရောင်”စာကြည့်တိုက်နှင့်အတူ မိုင်းယောင်းမြို့၏ ဘက်စုံတိုးတက်သော စံပြကျေးရွာအဖြစ် ဖွံ့ဖြိုးဝေစည်လာမည်ဟု မျော်လင့်ရင်း မိမိတို့နိုင်ငံ၏အနာဂတ် ကောင်းမွန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လူငယ်များစာဖတ်မှသာလျှင် တိုင်းပြည်အနာဂတ် ကောင်းလာမည်မှာ မလွဲဧကန်ဖြစ်သည်ဟု ယုံကြည်နေမိတော့သည်။
စိုင်းအောင်ဇော်လင်း