ကျောက်ဆည်မြို့နယ်တွင်  ရေဆင်း(၁)စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

ကျောက်ဆည် ဇွန်  ၁၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် စားသုံးဆီဖူလုံပိုလျှံရေးနှင့်နေကြာမျိုးစေ့ဖူလုံရေး မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ စိုက်ပျိုးထားရှိရာ ငှက္ကတောင်ကျေးရွာ ကွင်းအမှတ်(၁၃၉-က) ဦးပိုင် အမှတ် (၆၃) တောင်သူ ဦးချစ်ဝင်းစိုး  စိုက်ပျိုးထားသော မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

မျိုးစေ့ထုတ်နေကြာစိုက်ခင်းများ စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းရေးအတွက်တန်းကြား (၂)ပေ၊ ပင်ကြား(၉)လက်မဖြင့် အဖိုလိုင်း (၁) လိုင်း၊အမလိုင်း(၃)လိုင်း နည်းစနစ်ဖြင့်စိုက်ပျိုးထားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက တောင်သူများနှင့်ပူးပေါင်းပြီး ထယ်ရေးပြုပြင်ချိန်မှစတင်ပြီး စိုက်ပျိုးနည်းစနစ်များ၊ အပင်ပြုစုခြင်းနည်းစနစ်များကို စနစ်တကျ ကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ရေဆင်း(၁)စပ်မျိုးနေကြာ စိုက်ခင်းများကိုငှက္ကတောင်ကျေးရွာအုပ်စုမှ တောင်သူ(၅)ဦးပိုင်ဆိုင်သည့်မြေ(၂၀)ဧက၊ ပြည်ပန်းကျေးရွာအုပ်စုမှတောင်သူ(၅)ဦးပိုင်ဆိုင်သည့် မြေ (၂၀)ဧက၊ ကျီးအိပ်ကျေးရွာအုပ်စုမှ တောင်သူ(၉)ဦးပိုင်ဆိုင်သည့်မြေ(၃၀)ဧက၊ ကြောင်ပန်းကုန်းကျေးရွာအုပ်စုမှတောင်သူ(၅)ဦး ပိုင်ဆိုင်သည့်မြေ(၂၀)ဧက၊ စပါယ်တောကျေးရွာအုပ်စုမျ တောင်သူ (၁၃)ဦး ပိုင်ဆိုင်သည့်မြေ (၄၀)ဧက၊ မြေစိုပါယ်ကျေးရွာအုပ်စုမှ တောင်သူ(၆)ဦး ပိုင်ဆိုင်သည့်မြေ (၂၀)ဧက စုစုပေါင်း မြေဧက(၁၅၀)ဧကတွင်  ရေဆင်း(၁)စပ်မျိုးနေကြာများ စိုက်ပျိုးထားကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)