စဉ့်ကိုင် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ)၏ " အနာဂတ်ကိုမျှော်တွေးပါ " စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်များ စာဖတ်သည့် အလေ့ အကျင့်ကောင်းများရရှိစေရန် စာအုပ်စာပေ ဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသုတရင့်သန် တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းဥက္ကဋ္ဌစာရေးဆရာ ရှေ့နေဦးဝင်းကြည်က စာရေးဆရာ နတ်သျှင်(ရွှေဂူ)၏ အနာဂတ်ကိုမျှော်တွေးပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းအတွင်းရေးမှူး ဦးအေးကို (ဝင်းမောင်မောင် ပန်းလောင်လွင်ပြင်)မှ စံပြလူသား ဖြစ်ဖို့လိုပြီ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြား ခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနာယက ဦးသန်းအောင်မှ မိသားစုပရဟိတ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားပြီး၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များဖြစ်ကြသည့် ဦးအေး၊ ဦးအောင်ဆန်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့က စာအုပ်ပါ အခန်းကဏ္ဍ အသီးသီးကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါအခန်းကဏ္ဍများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ကျော့မူယာမောင်