နေပြည်တော်ကောင်စီမှ ကြီးမှူးကျင်းပသည့်(ပဥ္စမအကြိမ်) မြို့နယ်လုံးဆိုင်ရာအသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲကျင်းပ

နေပြည်တော် ဇွန် ၁၁

နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပသည့် ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်လုံးဆိုင်ရာ (ပဥ္စမအကြိမ်) အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မောင်းရမ်း ကျေးရွာအုပ်စု၊ စည်သာအေးကျေးရွာရှိ သုခိတာရုံကျောင်းတိုက်၌ ကျင်းပရာ ဥတ္တရ သီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ၊ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တပဒုမမထေရ်မြတ်အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက် ချီးမြှင့်တော်မူကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးရဲမြတ်သိန်းနှင့် အဖွဲ့ဝင်များ၊ ဧည့်ပရိသတ်များကဥတ္တရသီရိမြို့နယ် သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တပဒုမ မထေရ်မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ဆက်လက်၍ မဏိဇောတိက ကျွဲရှင်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပဒုမ မထေရ်မြတ်ထံ  နေပြည်တော်သာသနာရေးဦးစီးဌာနမှူးနှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက ပဋ္ဌာန်းကျမ်း စာအုပ်များ၊ ပဋ္ဌာန်းပရိတ်ပန်းအိုးနှင့် ပရိတ်ရေများ၊ ဝတ္ထုငွေများကို  ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ဆရာတော်သံဃာတော်များ ဦးဆောင်၍ တက်ရောက်လာကြသည့် ဧည့်ပရိသတ် များက ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိတော်ကို သုံးကြိမ်ရွတ်ဖတ် ပူဇော်ခဲ့ကြပြီး နေပြည်တော်တိုင်း သာသနာရေးဦးစီးဌာနမှူးနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ဥတ္တရသီရိမြို့နယ်လုံးဆိုင်ရာ (ပဥ္စမအကြိမ်) အသံမစဲ မဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဇွန်လ ၁၀ ရက်နေ့မှ ၁၄ ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်စွာဟိန်း(ပြန်/ဆက်)