ဟိုပုံး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းစွာ မောင်းနှင်စီးနင်းနိုင်ရေး၊ မူးယစ်ဆေးဝါး အန္တရာယ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဦးမြင့်ဝေက အဖွင့်အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်က မြို့နယ်ရှိအခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများအား မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များဆောင်ကြရန်၊ နှစ်ဦးထက် ပိုမစီးရန်၊ မော်တော်ယာဉ် မောင်းနှင်သူများ၊ စီးနင်းသူများခါးပတ်ပတ်ရန်၊ ယာဉ်များ အသုံးပြုရာတွင် ပေါ့ဆစွာ အသုံးပြုခြင်းကြောင့် စက္ကန့်ပိုင်းအတွင်းဆုံးရှုးသွားနိုင်သော အသက်အန္တရာယ်များ၊ လမ်းအသုံးပြုခြင်းနှင့် ပတ်သက်၍ လိုက်နာသင့်သည့် အချက်များစသည့် ယာဉ်အန္တရာယ် ကင်းရှင်းစွာမောင်းနှင်သွားလာ နိုင်ရေးအသိ ပညာပေးခြင်းကိုလည်းကောင်း၊ မူးယစ်ဆေးဝါးသုံး စွဲခြင်း၏ ဆိုးကျိုးများနှင့် နောက်ဆက်တွဲ အန္တရာယ်များ၊ မူးယစ်ဆေးဝါးကြောင့် ပျက်စီးဆုံးရှုံး သွားသောဘဝများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဘေးထွက်ဆိုးကျိုးများနှင့် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးထိခိုက်နစ်နာမှုများနှင့် ပလတ်စတစ်အမှိုက်များကို စနစ်တကျစွန့်ပစ်ပုံ၊ စွန့်ပစ်ပလတ် စတစ်များကို ပြန်လည် အသုံးပြု ချနိုင်သည့် နည်းလမ်းများ၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်ခြင်းကြောင့် ခံစားရမည့် နောက်ဆက်တွဲဆိုးကျိုးများ၊ ပလတ်စတစ်စွန့်ပစ်မှုကြောင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှုနှင့် ထိခိုက်နစ်နာမှုများကို တကျယ်တဝင့်ဆွေးနွေးပြီး မိမိတို့နေထိုင်ရာ ပတ်ဝန်းကျင်နှင့် မြိုရွာသန့်ရှင်း သာယာလှပစေရန် လူတိုင်းလိုက်နာဆောင်ရွက်သင့်သည်များကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)