မော်လမြိုင် ဇွန် ၁၁
မွန်ပြည်နယ် မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းရှိ တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးသည့် ပလက်ဖောင်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်ကျောင်းရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့၊ တောင်ဝိုင်းလမ်းသည် မော်လမြိုင်တက္ကသိုလ်၊ မော်လမြိုင်လေယာဉ်ကွင်း၊ မြိုင်သာယာရပ်ကွက်၊ ဈေးကြိုရပ်ကွက်နှင့် မော်လမြိုင် ဘိုးဘွားရိပ်သာ၊ တောင်ဝိုင်းတောင်ညိုတောင်နှင့် အထင်ကရ ဘုရားများသို့ ဆက်သွယ်သွားလာရာ အဓိကလမ်းမကြီးဖြစ်ပြီး ပြည်သူများ၊ ကျောင်းသား/သူများ ယာဉ်များ ဖြတ်သန်းသွားလာမှု များပြားပြီး မြို့၏ အထင်ကရ လမ်းတစ်လမ်း ဖြစ်ကြောင်း၊ လမ်း၏အရှည် (၂)မိုင်ခွဲရှိပြီး မူလကတ္တရာလမ်းသားအကျယ် (၂၄)ပေစီနှင့် လမ်းလယ်ကျွန်းပါရှိကြောင်း၊ ကတ္တရာ လမ်းသားအကျယ် (၃၂)ပေအထိ လမ်းချဲ့ဆောင်ရွက်ပေးခဲ့ပြီး ယခုအခါ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေကျပ် (၁၃၆)သန်းဖြင့် အပိုင်း (၅)ပိုင်းခွဲပြီး အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ကာ ပလက်ဖောင်းအရှည် (၂,၃၇၇)ပေ ဖြစ်ပြီး ပလက်ဖောင်း၏ အကျယ်ကို ကောင်းမွန်စွာ လျှောက်လှမ်းသွားလာနိုင်ရန်အတွက် (၆) ပေအကျယ် ဆောင်ရွက် ပေးခဲ့ကြောင်း၊ ပလက်ဖောင်းပေါ် မသန်စွမ်းသူများပါ သွားလာနိုင်ဖို့ ရည်ရွယ်ပြီး Wheel Chair တက်လမ်းများနှင့် သပ်ရပ်လှပစေရန် မြက်ခင်းများပါ ထည့်သွင်းဆောင်ရွက်ပေးခဲ့ပြီး၊ ယနေ့ ဖွင့်လှစ်ပေးသော ပလက်ဖောင်း လမ်းပိုင်းတစ်လျှောက်မှာ လမ်းလျှောက်ကြရင်း ကျန်းမာရေး အထောက်အကူပြု ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း လေ့ကျင့်ရေးအားကစား ပစ္စည်းများလည်း တပ်ဆင်ပေးထားပြီး ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်စိုးမင်း၊ မွန်ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးညီညီစိုး၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာ အောင်မြတ်ကျော်စိန်နှင့် လူမှုရေးဝန်ကြီး ဦးမြတ်သွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တောင်ဝိုင်းလမ်း ပလက်ဖောင်း တစ်လျှောက် လှည့်လည်ကြည်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများသည်၊ မော်လမြိုင်တက္ကသိုလ် ပင်မဆောင်အခန်း(၁၅)၌ ကျင်းပပြုလုပ်သည့် ဇွန်လ ၂၆ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အဆင့်မြင့်ပညာအဆင့် ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေမှု အားလည်ကောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခြေခံပညာ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မော်လမြိုင်မြို့ ငန်းတေးရပ်ကွက်ရှိ Myanmar Lighting(IPP) Power Plant ဓာတ်အားပေး စက်ရုံသို့ ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ကုမ္မဏီဉက္ကဋ္ဌက စက်ရုံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြည့်တင်းပေမှု၊ ဓာတ်ငွေ့သုံး တာဘိုင်နှင့် ဓာတ်အားငွေ့သုံး တာဘိုင်စက်တို့မှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးနေမှုများအား ရှင်းလင်း တင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စက်ရုံအတွင်း ဓာတ်အားထိန်းချုပ်ခန်း၊ ဓာတ်အား ထုတ်လုပ်နေမှုတို့အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)