ဟိုပုံး ဇွန် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် အခြေခံပညာကျောင်းများဖွင့်လှစ်ချိန်တွင် ကျောင်း သား၊ ကျောင်းသူများ စိတ်ချမ်းမြေ့စွာ ပညာသင်ကြားနိုင်ရေး ကျောင်းဥပဓိရုပ်ကောင်းမွန်လှပစေရန်အတွက် ယမန်နေ့နံနက် ၇ နာရီခွဲအချိန်က ပေါင်းလင်းကျေးရွာအုပ်စု၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအခြေခံပညာအထက်တန်းကျောင်း (ပေါင်းလင်း)နှင့် ပေါင်လင်းအခြေခံ ပညာအထက်တန်းကျောင်း(ခွဲ)တို့တွင် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ၊ မြို့နယ်စည်ပင်သာယာ ရေးဌာန၊ ဒေသ/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်ရင်းတပ်ဖွဲ့များကကျောင်းတွင်းနှင့် ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာ လှပစေရေးအတွက် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းရှိအမှိုက်များရှင်း လင်းခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးတင်ထူးမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချူပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)