လွိုင်လင် ဇွန် ၁၁
အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းထွန်းသည် ယမန်နေ့ နံနက် (၈) နာရီက နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ နန့်ဟူးဂူ ကျေးရွာတွင်ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ မိုးရာသီလူထုသစ်ပင်စိုက်ပျိုးပွဲသို့တက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားကာ မန်ဂျန်ရှားပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။
အစီအစဉ်အရ တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းထွန်း ကအဖွင့်အမှာစကားပြောကြားရာတွင် ယနေ့သစ်ပင်စိုက်ပျိုးပွဲကို ခိုလမ်-မိုင်းနောင်ကားလမ်းဘေးရှိ နမ့်ဟူးဂူ ကျေးရွာတွင်ပြုလုပ်ခြင်းဖြစ်ကြောင်း၊ သစ်ပင်စိုက်ပျိုးမှုသည် နိုင်ငံတော်နှင့်ပြည်သူများအတွက် တိုက်ရိုက်အကျို းဖြစ်ထွန်းစေပြီး ရာသီဉတုဖောက်ပြန်မှုကို တစ်ဖက်တစ်လမ်းမှ ကာကွယ်တာဆီးရန် အထောက်အပံ့ဖြစ်စေကြောင်း၊ အနာဂတ်အတွက် ကောင်းမွန်သည့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်များ ရရှိစေရန် ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးမည့်ပျိုးပင်များကို တိုင်းမှူး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်နှင့် နမ့်စန်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းတို့က အသီးသီးပေးအပ်ကြရာ ဌာနဆိုင်ရာများအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ၏ကိုယ်စား ကိုယ်စားလှယ်တစ်ဦးစီတို့က လက်ခံရယူကြသည်။ ဆက်လက်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကိုပြုလုပ်ရာ တိုင်းမှူးက အမြင့် ၃ ပေရှိ မန်ဂျန်ရှားပင်ကို ဦးဆောင်စိုက်ပျိုးပေးပါသည်။ ယင်းနောက် တိုင်းမှူး၊ ဒုတိယတိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများက ပြည်သူလူထုစုပေါင်းသစ်ပင်စိုက်ပျိုးနေမှုများကိုလိုက်လံကြည့်ရှုအားပေးပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်းသိရသည်။
အဆိုပါနမ့်ဟူးဂူကျေးရွာတွင် မန်ဂျန်ရှားပင် ၁၀၀၊ မျောက်ငိုပင် ၁၀၀၊ ယူကလစ်ပင် ၂၀၀နှင့် ရေသင်းဝင်ပင် ၁၀၀၊ စုစုပေါင်းသစ်ပင် ၅၀၀ တို့ကို တပ်မတော်မှအရာရှိများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများက တစ်ပျော်တစ်ပါး သစ်ပင်စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)