ချမ်းမြသာစည် ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက်၊ ၇၀ x ၇၂လမ်းကြား၊ သိပ္ပံလမ်းရှိ Mandalay Convention Center (MCC)တွင် ၂၀၂၃ ခုနှစ် စိမ်းလန်းစွမ်းအင်ပြပွဲ (မန္တလေး) (Green Energy Fair 2023) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့် အစိုးရအဖွဲ့ဝင်များမှဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေးက ၂၀၂၃ ခုနှစ် စိမ်းလန်းစွမ်းအင် ပြပွဲ(မန္တလေး) (Green Energy Fair 2023)၊ ဆိုလာထုတ်ကုန်များ၊ လျှပ်စစ်မော်တော် ယာဉ်မျိုးစုံနှင့်ဆက်စပ် ပစ္စည်းများပြပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့်အစိုးရအဖွဲ့၀င် ၀န်ကြီးများ၊တာ၀န်ရှိသူများက စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ပြခန်းများအား လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားသူကြီးချုပ် ဒေါ်ခင်သင်းဝေ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်မင်း၊ စီးပွားရေး ရာဝန်ကြီး ဦးသိန်းဌေး၊ သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင် (တိုင်းရဲတပ်ဖွဲ့မှူး)၊ တိုင်းဥပဒေချုပ် ဦးမြင့်အောင်၊ မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ရုံးမှ ဒုကောင်စစ်ဝန်ချုပ် Mr.Zhoo Wai၊ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ်ဝန်ရုံးမှ ကောင်စစ်ဝန်ချုပ် Mr Neeraj Kumar နှင့် ဌာနဆိုင်ရာများ၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI) ဥက္ကဋ္ဌ ဦးဝင်းဌေး၊ EV Myanmar Group ကုမ္ပဏီ ဒါရိုက်တာ ဦးကျော်ကျော်ထွန်းနှင့်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။ အဆိုပါ ပြပွဲအား ဇွန်လ ၁၀ ရက်မှ ၁၁ ရက်နေ့ထိ ၈ နာရီအချိန်မှ ၁၈ နာရီချိန်ထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စိမ်း၀င်း (မြို့နယ် ပြန်/ဆက်)