တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

တံတားဦး  ဇွန်  ၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးနှင့်စာရေးကိရိယာများ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ပညာသင်ထောက်ပံ့ငွေများပေးအပ်ရာတွင် တံတားဦးမြို့နယ် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းထိုက်က    ပညာရေးဆိုတာဟာ လူ့အဖွဲ့အစည်းတစ်ခုရဲ့ အသိပညာ အလေ့အထများ ဓလေ့ထုံးတမ်းများနှင့် တန်ဖိုးများကို နောင်မျိုးဆက်သစ်သို့ ပို့လွှတ်သည့် လုပ်ငန်းစဉ်ဟု ဆိုလိုပြီး နည်းပညာအရ  လူ့အဖွဲ့အစည်းအတွင်း(သို့မဟုတ်) ၎င်းတို့အုပ်စုအတွင်း ပိုမိုကောင်းမွန်သော ပေါင်းစည်းမှုရရှိရန်အတွက်  လူသားတို့၏ ရုပ်ပိုင်းဆိုင်ရာ အသိပညာနှင့် ကိုယ်ကျင့်တရားဆိုင်ရာ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် စနစ်ကျသော လုပ်ငန်းစဉ်ဖြစ်ကြောင်း ဝန်ထမ်းများ၏ သား၊ သမီးများအား ဗလာစာအုပ်၊ ဘောပင်၊ ခဲတံနှင့် ပညာသင်စရိတ်များ ထောက်ပံ့ပေးရခြင်းဖြစ်ကြောင်း၊ ပညာရေးမှာထူးချွန်ထက်မြတ်သည့် ပညာတတ် များဖြစ်အောင် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီး (၄၃)ဦးအား ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အသီးသီးထောက်ပံ့ ပေးအပ်ကြသည်။

တံတားဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသားသမီးများဖြစ်ကြသော  အဆင့်မြင့် ပညာတက်ရောက်မည့်ဝန်ထမ်းသား၊ သမီး(၈)ဦးအား တစ်ဦးလျှင် ပညာသင်ထောက်ပံ့ငွေ(၁၅၀၀၀)ကျပ်၊   အထက်တန်းအဆင့် ကျောင်းသား/သူ(၆)ဦး ၊ တစ်ဦးလျှင်  ဗလာစာအုပ်(၁)ဒါဇင်နှင့် ဘော့ပင်(၅)ချောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူ(၇)ဦး၊ တစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်နှင့် ဘောပင်(၅)ချောင်း၊ မူလတန်းအဆင့် ကျောင်းသား/သူ (၂၂)ဦး တစ်ဦးလျှင် ဗလာစာအုပ်(၁)ဒါဇင်နှင့် ခဲတံ(၁)ဒါဇင်တို့ကို ထောက်ပံ့ပေးအပ်ပြီး ဝန်ထမ်းသားသမီးများအတွက် ထောက်ပံ့ငွေကျပ်(၁၂၀၀၀၀)နှင့် စာရေးကိရိယာ ပစ္စည်းတန်ဖိုး ငွေကျပ်(၃၄၄၅၅၀)၊ စုစုပေါင်း(၄၆၄၅၅၀)ကျပ်ကို ထောက်ပံ့ပေးအပ်နိုင်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှသိရသည်။

ရဲတင့်( ပြန်/ဆက်)