ကျောက်ပန်းတောင်း ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပုသိမ်ချောင်းသာ လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိခဲ့သော Grade-11 ကျောင်းသူ မအိမ့်ဖူးသုန်၏ လူရည်ချွန်စခန်း အတွေ့အကြုံရှင်းလင်းပွဲကို ဇွန်လ(၉)ရက်နေ့ နံနက်(၉:၃၀) နာရီက အဆိုပါကျောင်းရှိ စကားဝါခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းတက်ရောက်နေသည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပုသိမ်ချောင်းသာ လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိခဲ့သော Grade-11 ကျောင်းသူ မအိမ့်ဖူးသုန်က လူရည်ချွန်စခန်းအတွေ့အကြုံများဖြစ်သည့် စခန်းဖွင့်ပွဲ အတွေ့အကြုံများ၊ မိတ်ဆွေသူငယ်ချင်းအသစ်များနှင့်တွေ့ဆုံရင်းနှီးခွင့်ရရှိမှု၊ ချောင်းသာကမ်းခြေ အပန်းဖြေခဲ့မှု အတွေ့အကြုံများ၊ လူရည်ချွန်ဟောင်းကြီးများနှင့် တွေ့ဆုံ၍ အတွေ့အကြုံကောင်းများ သင်ယူလေ့လာခဲ့မှု၊ နိုင်ငံတော်အကြီးအကဲ၊ ဒေသဆိုင်ရာအကြီးအကဲများနှင့်တွေ့ဆုံ ဩဝါဒခံယူခဲ့မှုနှင့် စခန်းသိမ်းပွဲ အတွေ့အကြုံများကို ပြန်လည်ရှင်းလင်းပြောကြားရာ၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းနှင့် ဆရာ/ဆရာမများ၊ အခြေခံပညာအထက်တန်းအဆင့်နှင့်အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက တက်ရောက်နားဆင်ကြပြီး မှတ်သားသင့်သည်များကို လေ့လာမှတ်သားကြသည်။
“ကျွန်မတို့ ကျောင်းမှာ ကျောင်းသား/ကျောင်းသူအနေနဲ့က အထက်တန်းအဆင့်နဲ့ အလယ်တန်းအဆင့် စုစုပေါင်း ၉၀၀ ကျော် ကျောင်းအပ်နှံပြီး တက်ရောက်နေကြပါပြီ။ အခု မအိမ့်ဖူးသုန်ရဲ့ လူရည်ချွန်အတွေ့အကြုံရှင်းလင်းပွဲမှာ ကျောင်းသားအားလုံးလည်း အားကျအတူယူစေချင်တယ်။ တစ်ကြိမ်ထဲနဲ့ခန်းမ မဆံ့မှာလည်း ဆိုးတဲ့အတွက် အထက်တန်းအဆင့် နဲ့ အလယ်တန်းအဆင့်ကို နှစ်သုတ်ခွဲပြီး ဆောင်ရွက်ပေးခဲ့တာပါ။ အခုစာသင်နှစ်မှာတော့ လူရည်ချွန် မောင်/မယ်အသစ်တွေ ထပ်ပြီးပေါ်ထွန်းလာအောင်တော့ ဝိုင်းဝန်းပြီး ကြိုးစားသွားရမှာပါပဲ” ဟု ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်နိုင်ဝင်းက ပြောပါသည်။
နေအောင်(ပြန်/ဆက်)