ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် မဟာဂန္ဓာရုံကျောင်းတိုက်၌ ဇီဝိတဒါနကုသိုလ်ဖြစ်ဆေးခန်းဖွင့်လှစ်

ဒဂုံမြောက် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်ရှိ မဟာဂန္ဓာရုံကျောင်းတိုက်၌ ဇီဝိတဒါနကုသိုလ်ဖြစ်ဆေးခန်းကို မဟာဂန္ဓာရုံကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာ‌တော်ဘုရားကြီး ၏ခွင့်ပြုချက်အရ ယနေ့နံနက်ပိုင်းက ဖွင့်လှစ်ခဲ့‌ကြောင်းသိရသည်။

အဆိုပါ ဇီဝိတဒါနကုသိုလ်ဖြစ်ဆေးခန်းဖွင့်ပွဲအခမ်းအနားတွင် ကြွရောက်လာသောဧည့်ပရိသတ်မှ နမေဒဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး ငါးပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မဟာဂန္ဓာရုံကျောင်းတိုက်ဦးစီး ပဓာနနာယက ဆရာ‌တော်ဘဒ္ဒန္တဥတ္တမာဘိဝံသ စေတိယင်္ဂဏ ဓမ္မာစရိယ၊ သိရီပဝရဓမ္မာစရိယ၊ သာမဏေကျော်၊ ပိဋကတစ်ပုံဆောင် ဉက္ကဋ္ဌဆရာတော်၊ မြို့နယ်သံဃနာယက အဖွဲ့(ရွှေကျင်)က ဩဝါဒစကားချီးမြှင့်မွက်ကြားပြီး ဆရာတော်သံဃာတော်များက မေတ္တသုတ်နှင့် ဗောဇ္ဈင်္ဂ သုတ်များရွတ်ပွားချီးမြှင့်ပေးသည်။

ထို့နောက် အလှူရှင်များက အလှူငွေများ လှူဒါန်းခဲ့ကြပြီးဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါ ဇီဝိတဒါနကုသိုလ်ဖြစ်ဆေးခန်းတွင် အပတ်စဉ်စနေနေ့တိုင်း နံနက် ၉ နာရီမှ ၁၂ နာရီအထိ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် ဆရာဝန်များအသင်းမှ ရောဂါဝေဒနာရှင်များအား လူမျိုးဘာသာမရွေး အခမဲ့ကုသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ