ကျောက်မဲ ဇွန် ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင် ခြင်ကိုက်ခံရခြင်းကြောင့်ဖြစ်ပွားသည့် သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပေါ်စေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့်မိခင်ကလေးအဖွဲ့များပါဝင်သောပူးပေါင်းအဖွဲ့တို့သည် ယနေ့နံနက်ပိုင်းမှစ၍ ကျောက်မဲမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်း (၁၈)ကျောင်းသို့သွားရောက်၍ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးညွှန့်ရွှေ၊ မိခင်နှင့်ကလေးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌဒေါ်လဲ့လဲ့မြင့်နှင့် ကျန်းမာရေးဌာနမှဦးစီးအရာရှိ ဦးစိုင်းသန်းအောင်ဦးဆောင်သည့် အဖွဲ့များသည် အခြေခံပညာကျောင်းများအတွင်းရှိ ရေစည်ပိုင်း၊ ရေတိုင်ကီ၊ စဥ့်အိုးများနှင့် ခြင်ခိုအောင်းနိုင်သော ရေတွင်းရေကန်များထဲသို့ အဘိတ်ဆေးများ ခတ်ပေးခြင်း၊ဖုံး၊ သွန်၊ လဲ၊ စစ် များပြုလုပ်ပေးခြင်းများပြုလုပ်ပေးပြီး၊ သက်ဆိုင်ရာကျောင်းများရှိ ဆရာ/ဆရာမများအား သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားလျှင် အသက်ဆုံးရှုံးနိုင်သည်အထိဖြစ်နိုင်သောကြောင့် ကြိုတင်ကာကွယ်ရေးအတွက် ပတ်ဝန်းကျင်ရှိခြင်အောင်းနိုင်သောနေရာများ၊ ရေသိုလှောင်ထားသည့် အုတ်ကန်၊ ရေကန်နှင့်ရေစီးရေလာမကောင်းသည့် မြောင်းများကိုရှင်းလင်းခြင်း၊ ရေဝပ်နိုင်သော နေရာများကို ဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ကြောင်းအစရှိသည့် သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)