တိုက်ကြီးမြို့နယ်တွင် ဆပ်ပြာပြုလုပ်နည်းသင်တန်းဆင်းပွဲကျင်းပ

တိုက်ကြီး     ဇွန်     ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများဖွံ့ဖြိုးတိုးတက်စေရေး၊   အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေးနှင့် အပိုထွက်ငွေများ မရှိစေရန်ရည်ရွယ်၍ တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြောက်ပိုင်းခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဆပ်ပြာပြုလုပ်နည်း သင်တန်းကို ဂေါ့ကျေးရွာတွင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့နံနက်ပိုင်းက အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ဆပ်ပြာပြုလုပ်နည်းသင်တန်း (၃/၂၀၂၃)ဆင်းပွဲကို ကျင်းပခဲ့ကြောင်းသိရသည်။

‌ရှေးဦးစွာ တိုက်ကြီးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်လဲ့လဲ့မွန်က သင်တန်းဆင်းအမှာစကားများပြောကြားခဲ့ပြီး မြောက်ပိုင်းခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ခရိုင်ဦးစီးမှူးဦးရဲဇော်ထွန်းနှင့် တိုက်ကြီးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စုသီတာလင်းတို့မှ ဆပ်ပြုပြုလုပ်နည်းသင်တန်းတက်ရောက်နေသည့် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးအား သင်တန်းဆင်းလက်မှတ်များနှင့် သင်တန်းနည်းပြဆရာမ(၂)ဦးအား နည်းပညာထောက်ပံ့ကြေးများပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ဇွန်လ(၅)ရက်မှ ဇွန်လ(၉)ရက်နေ့အထိ (၅)ရက်ကြာဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး သင်တန်းတွင်ဘက်စုံသုံးဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်နှင့် လက်သန့်ဆေးရည်စသည့် လူသုံးကုန်ပစ္စည်းပြုလုပ်နည်းများကို သင်ကြားပေးခဲ့ကာ သင်တန်းသို့လည်းကျေးရွာနေပြည်သူ သင်တန်းသား/သူ(၁၅)ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စန်းကလျာခိုင်(ပြန်/ဆက်)