ချောင်းဆုံ ဇွန် ၁၀
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ပလိုင်ဝမ်းကျေးရွာ ရွှေကျင်ကျောင်းတိုက် ဘုန်းတော်ကြီးကျောင်း ဝင်းအတွင်း ယနေ့နံနက် (၈)နာရီက ကျင်းပခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးမင်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်သည်။
အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားရာ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရရှိစေရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံစေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများကို ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများပါဝင်လာစေရန် ရည်ရွယ်၍ ဒေသနှင့် ကိုက်ညီသည့် သစ်မျိုးများ စိုက်ပျိုးရန်လိုကြောင်း ပြောကြားပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက သစ်ပင်စိုက်ပျိုးခဲ့ကြပြီး စုပေါင်း သစ်ပင် စိုက်ပျိုးနေမှုအား လှည့်လည်ကြည့်ရှုအားပေခဲ့သည်။
အဆိုပါ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် ဒေသနှင့် ကိုက်ညီသည့် မန်ဂျန်ရှား၊ မဟော်ဂနီ၊ ကျွန်း၊ သင်္ကန်း၊ ရင်ခတ်၊ ငုရွှေဝါ၊ ပျဉ်းမ စသည့် သစ်မျိုး (၇) မျိုးအား ပျိုးပင်စုစုပေါင်း (၁၀၀၀) ပင် ခန့်ကို စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ချောင်းဆုံမြို့နယ်အနေနှင့် မိုးရာသီ လေပြင်းဒဏ်ခံနိုင်ရန်အတွက် အုန်းပင် (၉၀)ပင်နှင့် ဒီရေတောသစ်ပင် (၈၀၀)ပင် စုစုပေါင်း (၈၉၀)ပင်ကိုလည်း စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
ချောင်းဆုံ(ပြန်/ဆက်)