လားရှိုးပညာရေးဒီဂရီကောလိပ်တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း (၉/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲကျင်းပ

လားရှိုး ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် လုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာ သင်တန်း PPTT (၉/၂၀၂၃) မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ဇွန်လ(၉)ရက်နေ့ နံနက်(၉း၃၀)နာရီ အချိန်က လားရှိုးပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်က အဖွင့်အမှာစကားပြောကြားရာတွင် “ပညာရေးဒီဂရီကောလိပ်မှာ ဆရာအတတ်ပညာအတွက် အဓိကဘာသာရပ်များဖြစ်သော ပညာရေးဘာသာရပ်များ၊ သင်ပြနည်းဘာသာရပ်များအပြင် ဂီတ၊ ကာယ၊ အိမ်တွင်းမှု၊ စက်မှုလက်မှု၊ စိုက်ပျိုးရေးအစရှိသည့် ပညာရေးလက်တွေ့ဖွံ့ဖြိုးမှု ဘာသာရပ်များကိုပါ ဘက်စုံထူးချွန်ထက်မြက်သော ဆရာ/ဆရာမများဖြစ်လာစေရန် ရည်ရွယ်၍ ဆရာ/ဆရာမများမှ အားသွန်ခွန်စိုက် လေ့ကျင့်သင်ကြားပေးလျက်ရှိသည်ကိုလည်း သိရှိရပါသည်။ ဆရာ/ဆရာမများကိုယ်တိုင်က ပညာအရည်အချင်းပြည့်ဝမှသာလျှင် နိုင်ငံတော်အတွက် ဗလငါးတန်နှင့်ပြည့်စုံတဲ့ နိုင်ငံ့သားကောင်းတပည့်များကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။ ဆက်လက်၍ လားရှိုးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်လွင်လွင်စန်းက သင်တန်းသား/သင်တန်းသူများအား ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။

ယင်းနောက် သင်တန်းသူသင်တန်းသားများက အကအလှများဖြင့် သီဆိုကပြဖျော်ဖြေ ပေးခဲ့ကြသည်။ လားရှိုးပညာရေးဒီဂရီကောလိပ်အနေဖြင့် ဆရာအတတ်သင် (၄) နှစ် သင်တန်းသား/သင်တန်းသူ (၄၆၁) ဦးနှင့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၂) လသင်တန်းတွင် သင်တန်းသား/သင်တန်းသူ (၂၆၆) ဦး၊ စုစုပေါင်း (၇၂၇) ဦးကို တစ်ပြိုင်တည်းဖွင့်လှစ် သင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

ခရိုင် (ပြန်/ဆက်)