ထန်းတပင်(ရန်ကုန်) ဇွန် ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်းမ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်းသုံးသောင်းငါးထောင်ကျော်ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ပျိုးထောင်ထားရှိပြီး ပျိုးထောင်ထားသည့် ပျိုးပင်များကိုလည်း ယခုနှစ်မိုးရာသီတွင် သစ်ပင်စိုက်ပျိုးနိုင်ရန်အတွက် မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာအဖွဲ့ အစည်းများ၊ တပ်ရင်း၊ တပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာ နေပြည်သူများကို(အခမဲ့)ဖြန့်ဝေ ပေးလျက်ရှိကြောင်းလည်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။
လက်ရှိပျိုးပင်တွေ စတင်ဖြန့်ဝေပေးတာကတော့ မေလ(၁၅)ရက်နေ့ကနေ စတင်ပြီးတော့ ဖြန့်ဝေပေးနေပါတယ်၊ ဖြန့်ဝေတဲ့နေရာမှာလည်း ပျိုးပင်(၉)မျိုးကို ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်၊ ဖြန့်ဝေပြီး ပျိုးပင်ပေါင်းက ဒီနေ့အထိဆို ပျိုးပင်ပေါင်း (၁၂၀၀)ခန့်ရှိနေပါပြီ လျာထားပျိုးပင်ကုန်တဲ့အထိကို ဆက်လက်ပြီး ဖြန့်ဝေပေးသွားမှာဖြစ်ပြီး တော့မည်သူမဆို (အခမဲ့)လာရောက်ထုတ်ယူနိုင်ပါတယ်ဟု မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်လင်းထွန်းက ပျိုးပင် ဖြန့်ဝေပေးနေမှု အခြေအနေများကို ရှင်းပြသည်။
သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပျက်တည့်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင် စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြေရေးကိုအထောက် အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်ရည်ရွယ်၍ သီတာအေးပျိုးဥယျာဉ်တွင် ပျိုးပင်များကို ပျိုးထောင်ထားရှိပြီး ယခုနှစ် မိုးရာသီကာလအတွင်း ပျိုးပင်များ(အခမဲ့) ဖြန့်ဝေပေးနိုင်ရန်အတွက် ထန်းတပင်မြို့နယ် သီတာအေးပျိုးဥယျာဉ်တွင် ကျွန်းပင်၊ ပျဉ်ကတိုးပင်၊ ပိတောက်ပင်၊ မဟောဂနီပင်၊ မန်ဂျန်ရှားပင်၊ ပျဉ်းမပင်၊ ခရေပင်၊ ထိုင်ဝမ်ဘန်ဒါပင်၊ တမလန်းပင်ကို ပျိုးထောင်ထားရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)