ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ဘုရားဖူးရောက်ရှိသည့်အခါ ရွှေနန်းရင်တောဘုန်းတော်ကြီး ကျောင်းအစုအဝေးကိုလေ့လာနိုင်

ညောင်ဦး ဇွန် ၁၀

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ ရွှေနန်းရင်တောဘုန်းတော်ကြီးကျောင်းအစုအဝေးကို မဖြစ်မနေသွားရောက်လေ့လာသင့်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန၊ ပုဂံဌာနခွဲတာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ရွှေနန်းရင်တောဘုန်းတော်ကြီးကျောင်းအစု အဝေးတွင်ရှိသည့် ရွှေနန်းရင်တောအုတ်ကျောင်းသည် ထေရဝါဒတက္ကသိုလ်ကြီးဖြစ်ကြောင်း၊ ကျောက်စာအထောက်အထား မတွေ့ရှိရသော်လည်း ကျောင်းတိုက်ကြီး၏ဗိသုကာလက်ရာအရ အေဒီ(၁၂)ရာစုနှောင်းပိုင်းလက်ရာဖြစ်ပြီး နရပတိစည်သူမင်းကြီးလက် ထက်ကတည်ထားခဲ့သည်ဟုခန့်မှန်းသိရှိရကာ အုတ်ကျောင်းတိုက်ကြီးကို တံတိုင်းဖြင့်ကာရံထားပြီး ယခုလက်ရှိတွင် တံတိုင်းအရာသာကျန်ရှိတော့သည်ကိုလေ့လာတွေ့ရှိ နိုင်ပါသည်။ တံတိုင်းအတွင်းရဟန်းတော်များသီတင်းသုံးရန် လေးထောင့်အုတ်ကျောင်းငယ်များနှင့် သီဟိုဋ်ပုံစေတီငယ်လေးဆူ တည်ရှိနေပြီး မဟာထေရ်ကြီးကျောင်းမှာဘုံအဆင့်ဆင့်ပါသော ပြဿဒ်ဆောင်ဖြင့်တည်ဆောက်ထားကာ ကျောင်းဆောင်ရှေ့တွင် သစ်သားဓမ္မသာလာဆောင်ရှိနေကြောင်း ဓမ္မသာလာဆောင်တွင် ယခုအခါသစ်သားတိုင် များ၏အောက်ခံကျောက်ခွက်များသာ ကျန်ရှိတော့တာတွေ့ရှိလေ့လာနိုင်မှာဖြစ်ကြောင်း တိုက်မရှေ့ဝင်ပေါက် အပြင်ဘက်အပေါ်ပိုင်းနှင့် သီဟိုဋ်ပုံစေတီငယ်၏အတွင်းပိုင်းတို့တွင် အင်္ဂတေပန်းလက်ရာများတွေ့ရှိ လေ့လာနိုင်ကြောင်း သိရသည်။

ရွှေနန်းရင်တောဘုန်းတော်ကြီးကျောင်းအစုအဝေးအတွင်း အုတ်ကျောင်းတိုက်ငယ်များ၊ စေတီများ၊ ရွှေနန်းရင်တောဘုရားနှင့် တောင်ဘက်တွင် ပုဂံဒေသတဝိုက်ထု ထည်အကြီးမားဆုံး ဓမ္မရံကြီးဘုရား၊ အရှေ့တောင်ဘက်တွင် စူဠာမဏိစေတီ၊ ကပ်လျှက် ရွှေနန်းရင်တောရေကန်၊ မြောက်ဘက်တွင် ရွာဟောင်းကြီးဘုရား၊ အနောက်မြောက်ဘက်တွင် အာနန္ဒာဘုရားနှင့် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေထဲတွင်ဘုရား၊ စေတီ၊ ပုထိုး ၃၈၂၂ ဆူကိုလည်း၊ မတူညီသော တည်ထားမှုပုံစံအမျိုးမျိုးတို့ဖြင့်ဘုရားများကိုဖူးမြှော် လေ့လာနိုင်ကြောင်းသိရသည်။

ဒီပါလင်း