စဉ့်ကိုင် ဇွန် ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက်(၉)နာရီက သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ငလျင် ဘေးအန္တရာယ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များ၊ မီးဘေး၊ ရေဘေး၊ လေပြင်းဘေး၊ မုန်တိုင်းဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များအတွက် ကြိုတင်စီမံမှုများနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ အကြံပြုချက်များကို မိဘ ပြည်သူများအား အသိပညာပေး ဟောပြောခဲ့သည်။
ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်လက်လက်အောင်က နွေအကုန်မိုးဦးကာလ ရာသီဉတု အပြောင်းအလဲဖြစ်မှုကြောင့် မိုးရွာသွန်းခြင်းနှင့် အတူ လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ လေဆင်နှာမောင်းတိုက်ခတ်ခြင်းနှင့် မိုးသီး ကြွေခြင်းစသည့် မိုးလေဝသ ဖြစ်စဉ်များဖြစ်ပေါ်မှုနိုင်မှုနှင့် ပတ်သက်၍ ကြိုတင်သတိပြုနိုင်ရန် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက နေ့စဉ်အကြံပြု အသိပေးလျက်ရှိရာ ကြိုတင် အသိပေးနှိုးဆော်ချက်များအား လိုက်နာဆောင်ရွက်သွားကြရန်၊ သဘာဝဘေးမဖြစ်မီ၊ ဖြစ်ပွားစဉ်၊ ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့်အချက်များကို အသိပညာ ပေး ဟောပြောခဲ့ကြောင်း သိရသည်။
ကျော့မူယာမောင်