မံစီ ဇွန် ၁၀
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ကောင်ရာရပ်ကွက် မံစီ(မြို့မ)သစ်တောပျိုးဥယျာဉ်အနီး၌ ဇွန် ၁၀ ရက် နံနက် ၇ နာရီ ၃၀ မိနစ်က မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က မြို့နယ်သစ်တော ဦးစီးဌာနမှ ဦးစီးအရာရှိဦးအောင်ကျော်စိုးက လွဲပြောင်းပေးအပ်ခဲ့သည့် သစ်ပျိုးပင်များကို လက်ခံခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက သစ်ပျိုးပင်များကို တက်ရောက်လာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများထံသို့ ပြန်လည်ဖြန့်ဝေပေးခဲ့ပြီး ကျွန်း (၅၀၀)ပင်၊ ပျဉ်းကတိုး (၃၀၀)ပင်၊ ကညင်(၅၀)ပင်၊ မန်ဂျန်ရှား (၅၀)ပင်၊ ပိတောက် (၁၀၀)ပင် စသည့် သစ်ပျိုးပင်ပေါင်း (၁၀၀၀) ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်များကို စံနမူနာပြအဖြစ် စိုက်ပျိုးပြသပြီး အောင်မြင်ဖြစ်ထွန်းမှုကို ပြည်သူများက သိရှိစေရန်၊ ကိုယ်တိုင်လိုက်ပါဆောင်ရွက်ပြီး သစ်ပင်များကို ချစ်မြတ်နိုးတတ်လာစေရန်နှင့် ဒေသအတွင်း စိမ်းလန်းစိုပြေလာစေရန်ရည်ရွယ်၍ သစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း၊ မံစီမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ်မိုးရာသီကာလများတွင် ပြည်သူများထံသို့ သစ်ပျိုးပင်များကို အခမဲ့ဖြန့်ဝေပေးလျက်ရှိနေပြီး သစ်ပျိုးပင်များကို နှစ်စဉ်ပျိုးထောင်ထားလျက်ရှိရာ ယခုနှစ်ဖြန့်ဝေရန်အတွက်လည်း ဒေသအတွင်းရှင်သန်ဖြစ်ထွန်းနိုင်မည့် သစ်မျိုး(၁၃)မျိုးဖြင့် စုစုပေါင်းသစ်ပျိုးပင် ၁၅၀၀၀ ကို ပြုစုပျိုးထောင်ထားကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှသိရသည်။
မြို့နယ် (ပြန်/ဆက်)