ပင်းတယ၌ ဒေသထွက်ဂေါ်ဖီထုပ်များစတင်စိုက်ပျိုးထားပြီး ဈေးကောင်းရရှိရန်တောင်သူများမျှော်လင့်နေ

ပင်းတယ ဇွန် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အတွင်းရှိ ပြည်သူများသည်စိုက်ပျိုးရေးကို အဓိကစီးပွားရေးအဖြစ်လုပ်ကိုင်ကြပြီး ဒေသနှင့်ကိုက်ညီသည့် သီးနှံပင်များကို စိုက်ပျိုးရောင်းချကြရာ ယခုနှစ်တွင် ဂေါ်ဖီထုပ်များကို ဧကအများအပြားစိုက်ပျိုးထားကြပြီး ဈေးကောင်းရရှိရန် တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။

ပင်းတယမြို့နယ်အနီးအနားကျေးရွာများဖြစ်သည့် တမဲ၊ သရက်ကုန်း၊ ရေချမ်းစင်၊ ဝါးပြား၊ ရေဖြူ၊ ဇော်ဂျီ၊ ရွှေပုထိုး၊ ပွေးလှ၊ ပွေးပြတ်၊ တောင်ပေါ်ကြီး၊ ပန်းစစ်အစရှိသည့် ကျေးရွာများတွင် လယ်ယာ၊ တောင်ယာမြေများတွင်သာမက မိမိတို့အိမ်ခြံမြေများတွင်ပါ ဂေါ်ဖီထုပ်များကို အများအပြားစိုက်ပျိုးကြသည်။ ဂေါ်ဖီထုပ်ပင်များကို ချောင်းရေဖြင့် နီးသည့်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးရောင်းချကြရပြီး တောင်ယာခြံစိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် မိုးဦးကျကာလဖြစ်သည့် မေလတွင်စတင်စိုက်ပျိုး ကြကြောင်းနှင့် ဂေါ်ဖီထုပ်စိုက်ပျိုးရာတွင် မြေ(၁)ဧကလျှင် အပင်ရေ (၁၀၀၀၀)မှ (၁၂၀၀၀)အထိ စိုက်ပျိုးနိုင်ကြောင်း သိရသည်။

ယခုအခါတွင် ဂေါ်ဖီထုပ်တစ်ထုပ်လျှင် အရွယ်အစားအပေါ်မှုတည်၍(၁၅၀၀)ကျပ်မှ (၂၀၀၀)ကျပ်အထိ ရရှိနေပြီး ကုန်သည်ပွဲစားများနှင့်ချိတ်ဆက်၍ မှာယူသည့် မြို့နယ်ကုန်စိမ်းဈေးများအထိ ဖောက်သည်တင်ပို့ရောင်းချပေးရကြောင်း၊ တစ်ချို့ပွဲစားများက ကျေးရွာများအတွင်းရှိ စိုက်ပျိုးခြံများအထိ လာရောက်၍ ခြံပြတ်ဝယ်ယူကြကြောင်းနှင့် ယခုနှစ်အတွင်းတောင်ယာခြံများတွင် ဂေါ်ဖီထုပ်အများအပြားစိုက်ပျိုးထားသည့် တောင်သူများအနေဖြင့် ယခင်နှစ်များထက် အထွက်နှုန်းတိုးပြီး ဈေးကောင်းရရှိရန်မျှော်လင့်နေကြကြောင်း သိရသည်။

ရဲထက်ဦး(ပြန် /ဆက်)