ပျော်ဘွယ် ဇွန် ၁၀
ပျော်ဘွယ်မြို့နယ် သစ်တောဦးစီးဌာနမှ ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီလူထုစုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်(၈)နာရီက ပေကုန်းကျေးရွာအနီးရှိ ဘုန်းတော်ကြီးကျောင်းဝင်းတွင် ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်နှင့်အဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင် သစ်တောဦးစီးမှူး ဦးသိန်းသန်းကျော်၊ မြို့နယ်သစ်တောဦးစီးမှူး ဦးအောင်ခင်ဦးတို့က သစ်ပင်စိုက်ပျိုးပေးကြမည့် ဌာန ဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများကို ပျိုးပင်များပေးအပ်ကြသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မယ်ဇလီ၊ ပိတောက်၊ ယင်းမာ၊ စိန်ပန်း၊ ကုက္ကိုလ်၊ ပျဉ်းမ၊ ယူကလစ်၊ စစ်၊ သပြေပူတ စသည့်ပျိုးပင်(၃၀၀)ကို သစ်ပင်စိုက်ပျိုးပွဲတော်သို့ တက်ရောက်လာသူများက ပျော်ရွှင်စွာ စုပေါင်းစိုက်ပျိုးပေးခဲ့ကြပြီး စာသင်ကျောင်းများ၊ ဌာနဆိုင်ရာများ၊ တစ်ပိုင် တစ်နိုင်စိုက်ပျိုးလိုသူ များရှိပါက မြို့နယ်သစ်တောဦးစီးဌာနရုံး ပျိုးဥယျာဉ်တွင် အခမဲ့လာရောက် ထုတ်နိုင်ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)