နောင်ချိုမြို့နယ်၌ မိုးရာသီအကြို စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ

နောင်ချို  ဇွန် ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြည်ရေး အထောက်အကူပြုနိုင်ရန်၊ သစ်တောပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ ဒေသတွင်းအပူချိန် လျော့ကျလာစေရန်နှင့် ဒေသခံပြည်သူများ သစ်ပင်ကို တန်ဖိုးထားပြီး သစ်ပင်စိုက်ပျိုး လိုစိတ်များ ဖြစ်ပေါ်စေရန် ရည်ရွယ်၍ မြို့နယ်သစ်တောဦးစီးဌာနမှ မိုးရာသီအကြို စုပေါင်း သစ်ပင်စိုက်ပျိုး ပွဲကို ယနေ့ နံနက် ၈ နာရီအချိန်က တိပိဋက ကမ္ဘောဇဘုန်းကြီးကျောင်းဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ရှေးဦးစွာ တပ်မမှူး နှင့် တပ်ရင်းတပ်ဖွဲ့များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌနှင့် အဖွဲ့ဝင်များမှ ပျိုးပင်များကို ပေးအပ်ရာ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် လူမှုရေးအသင်းအဖွဲ့များက လက်ခံရယူခဲ့ကြသည်။

မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲတော်တွင် ရေပိတုန်း (၈၀၀)ပင်၊ ကျွန်း(၁၀၀)ပင်၊ ခါတော်မီ(၁၀၀)ပင်၊ ဝါး(၁၀၀)ပင်၊ မယ်ဇလီ(၁၀၀)ပင်၊ ပင်လယ်ကဗွီး(၁၀၀)ပင်၊ ရေသင်းဝင်(၁၀၀)ပင်၊ ကံ့ကော်(၅၀)ပင်၊ ခရေ(၅၀)ပင် စုစုပေါင်း သစ်ပင်(၁၅၀၀)ပင်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ ဥက္ကဌနှင့် အသင်းဝင်များ စုစုပေါင်းအင်အား (၂၅၀)ဦးတို့မှ စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)