ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ရသေ့တောင် ဇွန် ၁၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေတောင်မြို့နယ်တွင် ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန်အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ ဝန်ထမ်းများက အားကောင်းသော လေဖိအား နည်းရပ်ဝန်း (Low Pressure Area) သည် ယမန်နေ့ ည​နေပိုင်းတိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအား ကောင်းလာရာ အားကောင်းသော လေဖိအား နည်းရပ်ဝန်း (Well Marked Low Pressure Area) အဖြစ်သို့ ရောက်ရှိလာပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ် ကြောင်း သိရသည်။

အဆိုပါ လေဖိအား နည်းရပ်ဝန်းသည် မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာလျှင် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင်သတိပြု ကာကွယ်နိုင်စေ ရန်နှင့် ပျက်ဆီးဆုံးရှုံးမှုများလျော့ချနိုင်စေရန် အများပြည်သူများအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင်ထုတ်ပြန်ကြေညာသော မုန်တိုင်းဘေး အန္တရာယ် သတင်းများကို အစဉ်မပြတ်နားထောင်ကြရန်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေးနှိုးဆော်လျက်ရှိကြောင်း သိရသည်။ 

ရသေ့တောင်(ပြန်/ဆက်)