ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်တာဝန်ရှိသူများ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းများနှင့် သတင်းအချက်အလက်များအချိန်နှင့်တပြေးညီသိရှိနိုင်စေရန် MRTV Satelliate Band ပေးအပ်ခြင်းနှင့် ဘုန်းတော်ကြီးကျောင်းများသို့ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်း

ဘူးသီးတောင် ဇွန် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း မိုခါမုန်တိုင်းဘေးကြောင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များဆောင်ရွက်နိုင်ရန်အတွက် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီး အေးဝင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်(၁၁)နာရီအချိန်က ဘူးသီးတောင်မြို့မီးရထားဆိပ်ရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာနဂိုဒေါင်ရှေ့၌ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

အဆိုပါထောက်ပံ့ပစ္စည်းများပေးအပ်ရာတွင် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဆေးအိုးကျကျေးရွာအုပ်စု၊ သေကံခွဆုံကျေးရွာအုပ်စု၊ ကျောက်ဖြူသားသေကံကျေးရွာအုပ်စု၊ ဘုရားပြင်သိန်းတန်ကျေးရွာအုပ်စု၊ဖုံ ညိုလိပ်ကျေးရွာအုပ်စုနှင့် ဖိုးခေါင်ချောင်းကျေးရွာအုပ်စုစုစုပေါင်းကျေးရွာအုပ်စု(၆)အုပ်စုအတွက် ထောက်ပံ့ကူညီကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဆန်၊ ဘေထုတ်၊ ခေါက်ဆွဲခြောက်များပေးအပ်ပြီး ပြည်သူများဖြင့်မှန်ကန်သောသတင်းအချက်အလက်များရရှိစေရန်နှင့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက မိုးလေဝသနနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှထုတ်ပြန်သော မိုးလေဝသခန့်မှန်းချက် သတင်းများအားပြည်သူများအချိန်နှင့်တစ်ပြေးညီသိရှိနိုင်စေရန် MRTV Satelliate Band စက်(၅၀)အား ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြရာရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကိုယ်စားလှယ်အဖွဲ့ဝင်များ လက်ခံရယူခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် နေ့လယ်ပိုင်းတွင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု(Command Post)အစည်းအဝေးခန်းမတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်တွေ့ဆုံခဲ့ကြပြီး မိုခါမုန်တိုင်းကြောင့်ပျက်စီးဆုံးရှုံးသောလေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ကယ်ဆယ်ရေး ပစ္စည်းများဖြန့်ဝေပေးနေမှုအခြေအနေများနှင့် မိုခါမုန်တိုင်းကြောင့်ပျက်စီးသွားသည့် သာသနိကအဆောက်အဦများ၊ စာသင်ကျောင်းများအားပြန်လည်ထူထောင်ရေးပစ္စည်းများ ဖြန့်ဝေ ပေးနေမှုများနှင့် ပြုပြင်ဆောင်ရွက်နေမှုများအား မှတ်တမ်းများဖြင့်ပြန်လည်တင်ပြကြရန်နှင့် မြို့သန့်ရှင်းသာယာလှပစေရေးအတွက်တပ်မတော်သားများ၊ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးရှိပြည်သူများပူးပေါင်းပါဝင်ပြီး ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့်အဖွဲ့သည် ညနေပိုင်းတွင်ဘူးသီးတောင်မြို့အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းသို့သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ဘဒ္ဒန္တသောဘိတအား ဖူးမျှော်ကာဩဝါဒများခံယူပြီး မိုခါမုန်တိုင်းကြောင့် ကျောင်းဆောင်များ အမိုးလန်ပျက်စီးသွားသော အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်း၊ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်း၊ ဇေယျသုခတပ်ဦးဘုန်းတော်ကြီးကျောင်း၊ ကျောက်စာတိုင်ဘုန်းတော်ကြီးကျောင်းနှင့် ဒုံးသိမ်ဘုန်းတော်ကြီးကျောင်းနှင့် ဗောဓိရတနာတပ်ဦးဘုန်းတော်ကြီးကျောင်း၊ စုစုပေါင်း ဘုန်းတော်ကြီးကျောင်း(၆)ကျောင်းအတွက် ပြန်လည်ပြုပြင်ရန်လိုအပ်သောအမိုးသွပ်များ၊ ဆွမ်းဆန်နှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မုန်တိုင်းဒဏ်သင့်ဘုန်းတော်ကြီးကျောင်းများသို့ လှူဒါန်းသော နဝကမ္မငွေသားများအား ကျောင်းထိုင်ဆရာတော်ကြီးများထံ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)