ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ် နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

မောင်တော ဇွန် ၁၀

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်အတွင်း ပြည်သူများအနေဖြင့် အားကောင်းသော လေဖိအားနည်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်စေရန် အတွက် အသိပညာပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများတွင် လိုက်လံ အသိပေးဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် ခရိုင်သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲ့မှု ကော်မတီ၏ ကြီးကြပ်မှုဖြင့် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက အားကောင်းသော လေဖိအား နည်းရပ်ဝန်းသည် ယနေ့ တိုင်းထွာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့ မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာရာ အားကောင်းသော လေဖိအား နည်းရပ်ဝန်းအဖြစ်သို့ ရောက်ရှိလာပြီး ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်ဖြစ်သည်။ အဆိုပါ လေဖိအား နည်းရပ်ဝန်း သည် မုန်တိုင်းအဖြစ်သို့ ရောက်ရှိလာလျှင် ရေကြီးခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်လာပါက ကြိုတင် သတိပြုကာကွယ်နိုင်စေရန်နှင့် ပျက်ဆီးဆုံးရှုံးမှုများ လျော့ချနိုင်စေရန် အများပြည်သူ များအနေဖြင့် မုန်တိုင်းနှင့် ပတ်သက်သည့် ကြိုတင်ကာကွယ်သင့်သည့် လုပ်ငန်းများ၊ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သတိပြုရှောင်ရှားသင့်သည့် အပြုအမူများကို သိရှိစေရန်နှင့် နိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြာသော မုန်တိုင်းဘေးအန္တရာယ် သတင်းများကို အစဉ်မပြတ် နားထောင်ကြရန်၊ လေပြင်းဘေး ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေး အသိပညာပေးချက်များအား ပြည်သူများမှ သိရှိလိုက်နာ ဆောင်ရွက်နိုင်စေရန်အတွက် ရပ်ကွက်၊ ကျေးရွာများတွင် လိုက်လံအသိပေး နှိုးဆော် လျက်ရှိကြောင်း သိရသည်။  

သက်လွင်စိုး၊ အောင်ကျော်စိန်