နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင် ပျဉ်းမနားမြို့ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင် သာယာ လှပရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

နေပြည်တော်  ဇွန် ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီ အဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဒုတိယ မြို့တော်ဝန် ဦးမောင်မောင်၊ ဌာနကြီးမှူးများနှင့် ဌာနမှူးများ၊ နေပြည်တော်ကောင်စီမှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပျဉ်းမနားမြို့ မြို့မိ မြို့ဖများနှင့်အတူ ၂၀၂၃ ခုနှစ် ယမန်နေ့ နေ့လယ်ပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်းကွန်ကရစ်လောင်းခြင်းနှင့် ဆက်စပ် လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်းတည်ဆောက်ရန်အတွက် ပြင်ဆင်ဆောင်ရွက် နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်းအဆင့်မြှင့်တင် တည်ဆောက်ခြင်း ဖောင်ဒေးရှင်းလုပ်ငန်းများကို မိုးမကျမီတည်ဆောက်ပြီးစီးစေရေး ဆောင်ရွက်ရန်၊ မြို့မိမြို့ဖများအနေဖြင့်လည်း လုပ်ငန်းများအချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြရန်တို့ကို မှာကြား သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် နိုင်ငံတော် အကြီးအကဲ ၏ လမ်းညွှန်မှာကြားချက်အရ ဆောင်ရွက်ပြီးစီးသည့် ကန်တော်မင်္ဂလာရှမ်းကန်အတွင်း/ အပြင်သန့်ရှင်း ရေးလုပ်ငန်းများ၊ ကန်ပတ်လျှောက်လမ်းများ ပြန်လည်ပြုပြင်ပြီးစီးမှု၊ ပတ်ဝန်းကျင် သာယာလှပရေး လုပ်ငန်းများဖြစ်သော ရေဆင်းမြောင်းငယ်များ၊ မြေထိန်းနံရံများ ပြုပြင်ဆောင်ရွက်မှု၊ ကန်ပတ်လည် အတွင်းပိုင်း ဆင်ခြေလျှောတွင် အလှမြက်ခင်းများ စိုက်ပျိုးပြီးစီးမှုနှင့် နှစ်ရှည်ပင်များ၏ အောက်ခြေ ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ ကန်အတွင်းရှိ သစ်ပင်ငုတ်အဟောင်းများ ဖယ်ရှား ရှင်းလင်း ဆောင်ရွက်ပြီးစီးမှု၊ ကန်ပတ်လည်ရေမြောင်းများ သန့်ရှင်းရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ပြီးစီးမှု၊ ကန်အတွင်းသို့ ရေသွင်းမည့်ပိုက်လိုင်းနှင့် ရေသွင်းမြောင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ခန်းမနှင့် ခန်းမပတ်ဝန်းကျင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး ကန်တော်မင်္ဂလာခန်းမဝင်းအတွင်း သာယာလှပရေးလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရန် မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ပုဗ္ဗသီရိမြို့နယ်ရှိ စက်စက်ယိုရေကန် အမှတ်(၂) သဲနုန်းများ တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန်က ရေကန်အမှတ်(၂)၏ ကန်ပေါင် ပတ်လည်အား သာယာလှပစေရေး စနစ်တကျဆောင်ရွက်ရန်၊ ကန်တူးဖော်ရာမှ ထွက်ရှိသည့် မြေဆီ၊ မြေဩဇာများကို ပန်းဥယျာဉ်နှင့် ပျိုးခြံနေရာများသို့ အကျိုးရှိရှိ အသုံးပြုနိုင်စေရေး စုပုံဆောင်ရွက်ရန်၊ ကန်အတွင်း ဗေဒါနှင့် အမှိုက်များမရှိစေရေး သန့်ရှင်းရေးဆောင်ရွက်ရန်နှင့် ကန်ပေါင်ပတ်လည်ရှိ အပင်များ၏အောက်ခြေ ရှင်းလင်းဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ထို့နောက် စက်စက်ယိုရေကန် အမှတ်(၂) သဲနုံးများတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် အသုံးပြုရန် အတွက် လှူဒါန်းငွေကျပ်သိန်း(၄၀)နှင့် စက်ယန္တရားယာဉ်မောင်းများအတွက် ချီးမြှင့်ငွေကျပ် (၁၀)သိန်း၊ စုစုပေါင်းကျပ်သိန်း(၅၀)အား နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်လီမိတက်မှ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူများက လက်ခံခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)