သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး မြို့နယ်အဆင့် အသိပေးဆွေးနွေးပွဲကျင်းပ

မင်းပြား ဇွန် ၁၀

ရေကြည်ရေသန့်တွင် ပေါက်ပွားသည့် ခြင်ကျားကိုက်ခြင်းဖြင့် ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းနိုင်ရန် ပြည်သူလူထုသို့ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့နေ့လယ် ၁၂ နာရီအချိန်က မင်းပြားမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းထွန်းက သွေးလွန်တုပ်ကွေးရောဂါ၏ လက္ခဏာများနှင့် ခြင်ကျားမပေါက်ပွား ရအောင်သန့်ရှင်းရေး ဆောင်ရွက်ရန်အချက်များ၊ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးအတွက် ပြည်သူလူထုက ပူးပေါင်းဆောင်ရွက်ရမည့် လုပ်ငန်းများအားရှင်းလင်းပြီး ခြင်မဖြစ်ပွားမည် မီခြင်လောက်လမ်းဘဝက ပင်ကြိုတင်ကာကွယ်နှိမ်နှင်းမှသာ မိသားစုတိုင်း သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နှိမ်နှင်းနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ မင်းပြားမြို့နယ်ရှိ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နှိမ်နှင်းရေး အသိပညာပေးဆွေးနွေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ လူမှုအဖွဲ့အစည်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ တက်ရောက်ကြပြီး သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သိန်းနုအောင်