ကျောက်ဆည် ဇွန် ၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် တောင်သူများအနေဖြင့် ဆန်စပါးကို အဓိထား စိုက်ပျိုးကြသော်လည်း ယာမြေများတွင် ကြက်သွန်၊ ငရုတ်၊ ဝါ၊ ငှက်ပျော၊ နနွင်း နှင့် ဆီထွက်သီးနှံမျိုးစုံ၊ ပဲမျိုးစုံတို့ စိုက်ပျိုးလျက်ရှိရာ နနွင်းဈေးကောင်းသဖြင့် နနွင်းစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
နနွင်းသီးနှံစိုက်ပျိုးမည်ဆိုပါက ထယ်ရေးညက်အောင်မြေကိုပြုပြင်ထားရပြီး ရေသွင်းရေထုတ် ကောင်းမွန်စေရန်အတွက် အကျယ်(၃)ပေ၊ အမြင့်(၁)ပေ၊(၁)ပေခွဲ မြေဘောင်များ ပြုလုပ်စိုက်ပျိုးရကြောင်း၊ စိုက်ပျိုးရာတွင် နနွင်းခေါင်းမျိုးနှင့်နနွင်းအတက်မျိုးဟူ၍ (၂)မျိုးရှိရာ နနွင်းခေါင်းမျိုးစိုက်ပျိုးပါက တစ်ဧက (၅၀၀)ပိဿာခန့် စိုက်ပျိုးရပြီး နနွင်းအတက်မျိုးစိုက်ပျိုးပါက(၆၀၀)ပိဿာခန့် စိုက်ပျိုးရကြောင်း စိုက်ပျိုး ရာတွင်တစ်ပင်နှင့်တစ်ပင်၊ တစ်တန်းနှင့်တစ်တန်း (၅)လက်မအကွာ စိုက်ပျိုးရကြောင်း၊ နနွင်းသီးနှံသည် မြေထဲတွင် အတက်ပွားသည့် သီးနှံဖြစ်သောကြောင့် စိုက်ပျိုးပြီးမြေလုံစွာ ဖုံးအုပ်ပေး၍၊ မြေအစိုဓာတ်မပြတ်အောင် ရေသွင်းပေးရကြောင်း သိရသည်။
နနွင်းသီးနှံသည် စိုက်ပျိုးပြီးရက်ပေါင်း(၁၂၀)ခန့်တွင် အပွင့်များစတင်ပွင့်ပြီး အပွင့်များချိုးယူကာ ဈေးကွက်တွင် ရောင်းချပါက တစ်ဧကငွေကျပ်(၈)သောင်းခန့်ရရှိကြောင်း၊ စိုက်ပျိုးပြီး(၈)လကျော်တွင် စတင်တူးဖော်ရကြောင်းနှင့် တူးဖော်ရာတွင်နနွင်းတစ်ဧက အစိုကုန်အချိန်(၃၇၀၀)ပိဿာမှ (၄၀၀၀) ပိဿာအထိထွက်ရှိကြောင်း၊ ပြုတ်ပြီးအခြောက်လှန်းပါက(၈၀၀)ပိဿာမှ (၁၀၀၀)ပိဿာခန့်ရရှိကာ နနွင်းအစိုတစ်တင်း ငွေ(၆၀၀၀)ကျပ်နှင့်ရောင်းချရပြီး ပြုတ်၍အခြောက်လှန်းထားသည့် နနွင်းအခြောက် တစ်ပိဿာငွေ(၂၄၀၀)ကျပ်ဖြင့် ရောင်းချရသောကြောင့် နနွင်းစိုက်တောင်သူများအဆင်ပြေလျက်ရှိကြောင်း ကျောက်ဆည်မြို့နယ်၊ စပယ်တောကျေးရွာမှ တောင်သူ ဦးကျော်ဝင်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)