ကျေးသီး အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်အတွင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်မှု မရှိစေရေးအတွက် မြို့အဝင်/အထွက် ကျန်းမာရေး ပူးပေါင်း စစ်ဆေးရေးဂိတ်များ၌ ယနေ့ နံနက်(၁၁)နာရီက မော်တော်ယာဉ်များ နည်းလမ်း တကျ ဝင်/ထွက် သွားလာနိုင်ရေး စိစစ်ကြီးကြပ်ရေးကော်မတီဝင်များက စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ပုဂ္ဂလိကမော်တော်ယာဉ် ကြီးကြပ်မှုကော်မတီဝင်များ၊ လုပ်ငန်းရှင်များ လိုက်ပါပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက် ပျံ့နှံ့မှုများကြောင့် လတ်တလောကာလအတွင်း ကုန်တင်ယာဉ်များ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး ကုန်စည်စီးဆင်းမှု ပြတ်တောက်မှုမရှိစေရေးတို့အတွက် ကုန်တင်ယာဉ်များ သွားလာမှုအား စံသတ်မှတ်ချက် (Standard Operating Procedure-SOP)စနစ်တကျ လိုက်နာမှုရှိစေရေး၊ ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန၏ ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်စေရေး၊ စစ်ဆေးရေးဂိတ်တွင် ဖြည့်သွင်းထားသည့် သတ်မှတ်ပုံစံရှိ အချိန်ကာလထက် ကျော်လွန်ရပ်နားထားခြင်း မပြုရေးတို့အတွက် မြို့အဝင်၊/ထွက်၌ ဖြတ်သန်းသွားလာသော ကုန်တင်ယာဉ်များ၊ မော်တော် ယာဉ်များအား မှာကြားဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
သဲစုပိုင်(ပြန်/ဆက်)