တွံတေး အောက်တိုဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုများ မရှိစေရေးအတွက် ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား ကျန်းမာရေး ဌာန (၃)ခု၊ အခြေခံပညာကျောင်း (၈) ကျောင်း၊တည်းခိုခန်း(၁)ခု၊ဓမ္မာရုံ(၁)ခုတို့တွင် အသွားအလာများ ကန့်သတ်ထားရှိကာ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး ယမန်နေ့ ညနေပိုင်းအထိ စင်တာများတွင် အသွားအလာ ကန့်သတ်ထားရှိသူ ဦးရေ(၄၃၀)ဦးထိ ရှိနေကြောင်း သိရသည်။
တွံတေးမြို့နယ်အတွင်း ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအား သွားလာမှုများကို အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၁၃)ခုထားရှိသော်လည်း လက်ရှိ တွင် အသွားအလာကန့်သတ်စောင့်ကြည့်နေရာ (၁၁)ခု တွင်ကန့်သတ်ထားရှိပြီး ပြည်သူ့ ဆေးရုံ လူနာဆောင်တွင် (၄)ဦး၊ ခတ္ထိယတိုက်နယ်ဆေးရုံဟောင်းတွင်(၉)ဦး၊ အ.ထ.က( ၂) တွံတေးတွင် (၇၀)ဦး၊ အ.ထ.က ဘုရားကြီးတွင်(၄၅)ဦး၊ အ.ထ.က(ခွဲ)ပဒန်ရေကျော်တွင်(၄၇)ဦး၊ အ.ထ.က(၁) တွံတေးတွင်(၁၀၁)ဦး၊ အ.ထ.က(ကံဘဲ့)တွင်(၅၄)ဦး၊ အ.မ.က(မူလွန်)ပိတ်စွယ်တွင်(၁၈)ဦး၊ အ.ထ.က(သဝန်းတော)တွင် (၁၈)ဦး၊ အ.ထ.က(ခတ္ထိယ)တွင် (၃၄)ဦး၊ လင်းတည်းခိုခန်းတွင် (၃၀)ဦး စုစုပေါင်း(၄၃၀) ဦးအထိရှိကြောင်း သိရပြီး အနံ့မရသူ များကိုလည်း မြို့နယ် ပြည်သူ့ဆေးရုံနှင့် အ.ထ.က(၁)တွံတေးတို့တွင် ထားရှိကာအသွားအလာ ကန့်သတ်မှုများကို ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်စောင့်ကြည့်နေရာ များတွင် ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက်လည်း အလှူရှင်များက အလှူငွေများ၊ အသုံးအဆောင်ပစ္စည်းများ၊ အစားအစာများ နေ့စဉ် လှူဒါန်းပေးလျက် ရှိကြောင်း လည်းသိရသည်။
မျိုးလှိုင်(တွံတေး)